နေပြည်တော် ဇူလိုင် ၁၄
နိုင်ငံတော်အစိုးရ၏ ရက် ၁ဝဝ အတွင်း ဆောင်ရွက်သည့်အစီအစဉ်ဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် MSME လုပ်ငန်းရှင်များ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားရာတွင် MSME လုပ်ငန်းများသည် နိုင်ငံတော်၏ စီးပွားရေးမောင်းနှင်အားဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့်အတွက် ဘက်ပေါင်းစုံမှ အားပေးမြှင့်တင်လျက်ရှိကြောင်း၊ စားသောက်ကုန်လုပ်ငန်းများဆောင်ရွက်ရာတွင် Food Safety နှင့်အညီ ကျန်းမာရေးနှင့် ညီညွတ်ရန်လိုကြောင်း၊ ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် Agro-based Industry တည်ဆောက်ကာ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်ပသွင်းကုန်လျှော့ချကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးမြှင့်တင်ရန် သင်တန်းများနှင့် Knowledge Sharing အစီအစဉ်များတွင် ပါဝင်ကြရန်နှင့် ဒေသတွင်းပြပွဲများအပြင် Digital Marketing စနစ်များကို အသုံးပြု၍ ဈေးကွက်မြှင့်တင်ရေး ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် နေပြည်တော်MSMEအသင်းဥက္ကဋ္ဌ ဦးသူရိန်က မိတ်ဆက်စကားပြောကြားပြီး MSME လုပ်ငန်းရှင်များက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက MSME ဖွံ့ဖြိုးတက်စေရေးအစီအမံများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ MSME ထုတ်ကုန်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သျှင်ဦးမောင်(ဒက္ခိဏ)