ပျဉ်းမနားတွင် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်း

ပျဉ်းမနား ဇူလိုင် ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးက ကျင်းပသော အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှုအစီအစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ပျဉ်းမနားမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဦးက အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှုအစီအစဉ်လုပ်ငန်းစီမံချက်၏ ရည်ရွယ်ချက်များ၊ ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသည့် အခွန်အမျိုးအစားနှင့်အခွန်အကြောင်း သိကောင်းစရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး အမေးအဖြေကဏ္ဍတွင် ပါဝင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူ ၃၇ ဦးတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးသို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၃၄၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)