တွံတေးမြို့နယ်တွင် မိုးစပါးရာသီ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြသ​ခြင်းနှင့် မျိုးစေ့၊ ဓာတ်မြေသြဇာပေးအပ်ပွဲ ကျင်းပ

တွံတေး ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင်မိုးစပါးရာသီ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြသ​ခြင်းနှင့် ကွင်းသရုပ်ပြပွဲ တောင်သူအသိပညာပေးလုပ်ငန်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှဦးဆောင်ကာ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကုလားတန်းကျေးရွာအုပ်စုရှိ လှေလမ်းကွင်း၊ ဦးပိုင်အမှတ် (CN-၈) တောင်သူ ဦးစိုးနိုင်(ခ)ဦးအောင်မြင့်စိန်၏ လယ်မြေစိုက်ဧက (၅.၁၅) ဧကတွင် ဆင်းသုခစပါးမျိုးစိုက်ပျိုးမှုကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးအပြည့်အဝ စိုက်ပျိုးနိုင်ရေးနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သန်လျင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာဝင်းသန်းက မျိုးစေ့ချကိရိယာ (Seeder) နှင့်စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့် လိုက်နာရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်မှ တောင်သူတစ်ဦးအား မျိုးစေ့များပေးအပ်ခြင်း၊ သန်လျင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါက်တာဝင်းသန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့က တောင်သူများအား ဓာတ်မြေသြဇာနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များကိုပေးအပ်ခဲ့ရာ တောင်သူများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ယင်းနောက် တွံတေးခရိုင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများက စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ရှိသူများမှ စပါးစိုက်တောင်သူများကို မျိုးစေ့ချကိရိယာ (Seeder) ဖြင့် တောင်သူဦးစိုးနိုင်(ခ)ဦးအောင်မြင့်စိန်၏ လယ်မြေ (၅.၁၅) ဧကတွင် လက်တွေ့မျိုးစေ့ချသရုပ်ပြခြင်းကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါမျိုးစေ့ချကိရိယာ (Seeder) ဖြင့် တောင်သူများ စပါးစိုက်ပျိုးရာတွင် လုပ်အားကုန်ကျမှုစရိတ်များ သက်သာခြင်း၊ စပါးကောက်ကွက်ပြည့်မှီခြင်း၊ အတန်းလိုက် ညီညာစွာစိုက်ပျိုးသည့်အတွက် တမန်နိုးရလွယ်ကူကာ ပင်ပွားကောင်းမွန်ခြင်းနှင့် စပါးအထွက်နှုန်းများကောင်းမွန်ခြင်း မျိုးစေ့နှုန်းထား ကုန်ကျမှုစရိတ်များ သက်သာစေမည်ဖြစ်ကြောင်းလည်း သိရသည်။

မျိုးလှိုင် (တွံတေး)