ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းများအတွက် အားကစားဝတ်စုံများနှင့် ချီးမြှင့်ငွေများ ပေးအပ်

မြစ်ကြီးနား ဇူလိုင် ၁၄

ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ဌာနနေတိုင်းရင်းသားမျိုးနွယ်စုများ အားလုံးပါဝင်စေပြီးစည်းလုံးညီညွတ်မှုကိုပြသကာ အချင်းချင်း လေးစားချစ်ခင်မှု ပိုမိုဖြစ်ထွန်းလာစေရေး ၂၀၂၆ ခုနှစ်၊ ကချင်ပြည်နယ်ဝန်ကြီးဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့ ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြည်နယ်အစိုးရအဖွဲ့က အားကစားဝတ်စုံများနှင့် ချီးမြှင့်ငွေများပေးအပ် ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်၏ အားကစားဖွံ့ဖြိုး တိုးတက်မှုနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုတို့ကို ရာသက်ပန် ခိုင်မာနိုင်စေရေးအတွက် ဘောလုံး ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း၊ အထူးသဖြင့် အချင်းချင်း လေးစားမှု၊ သည်းခံမှု၊ ရိုသေမှုတို့ ဖြင့် အနိုင်ရသည့်အသင်းကို ဝမ်းမြောက်စွာ ဂုဏ်ပြုကြရန်နှင့် ရှုံးနိမ့်သည့်အသင်းများကိုလည်း အားပေးကြ ရန် မှာကြားလိုပါကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် ကချင်ပြည်နယ်၏ အားကစားနယ်ပယ် အတွက်သာမက မိမိတို့အချင်းချင်း စည်းလုံးညီညွတ်မှုဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးအတွက်ကိုပါ အားလုံးက ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှု‌ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးတင်အောင်၊ ဦးလီပေါ်ရဲ့နှင့် ဦးမယစ် ယောရှု တို့က ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ် ပြိုင်ကြမည့် ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅) မျိုး၊ ဗမာ၊ ရခိုင်၊ ကရင်၊ ချင်း၊ နာဂ တိုင်းရင်းသား မျိုးနွယ်စု (၁၆)မျိုးမှ ပြိုင်ပွဲဝင် ဘောလုံးအသင်း (၁၆) သင်းတို့အတွက် ပြိုင်ပွဲဝင် အသင်းဝတ်စုံများနှင့် တစ်သင်းလျှင် ချီးမြှင့်ငွေကျပ်သိန်း ၂၀ စီဖြင့် စုစုပေါင်းငွေကျပ်သိန်း ၃၂၀ ကို အသီးသီးချီးမြှင့်ပေးအပ်ကြ ရာ တိုင်းရင်းသားမျိုးနွယ်စုများကိုယ်စား လာချိဒ်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူက ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ ဘောလုံးပြိုင်ပွဲကို နှစ်စဉ်ကျင်းပခဲ့ရာတွင် တိုင်းရင်းသား ရေးရာဝန်ကြီးဖလားအဖြစ် ကချင် (၆)မျိုး၊ ရှမ်း (၅)မျိုး၊ ဗမာ စသည့် အသင်း (၁၂)သင်းဖြင့်သာ (၃)ကြိမ် တိုင်တိုင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြသော်လည်း ယခုအခါ (၄)ကြိမ်မြောက် ပြိုင်ပွဲအဖြစ် မျိုးနွယ်စု (၁၆)စုထိ တိုးတက်ပါဝင်လာခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်ဖလားအဖြစ် ဇူလိုင် ၁၇ ရက်နေ့မှ စတင်ယှဉ်ပြိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့နယ် စည်ပင်သာယာအဖွဲ့ရုံးသို့ သွားရောက်ပြီး အဆိုပါရုံး အစည်းအဝေးခန်းမ၌ ရေစင်ကွင်းဈေးအား မြို့တော် အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင်နိုင်ရေးအတွက် ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြ သည်။

ယင်းသို့ ဈေးအဆင့်မြှင့်တင်နိုင်‌ရေး ရှင်းလင်းတင်ပြရာတွင် မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုးက ရေစင်ဈေးအဆင့်မြှင့်တင်နိုင်ရေးအတွက် မြန်မာဟိန်ရီကုမ္ပဏီနှင့် BOT စနစ်ဖြင့် အဆင့်မြှင့်တင်တည် ဆောက်နိုင်ရေး ကနဦး မြေပြင်ကွင်းဆင်းစစ်ဆေးတိုင်းတာခဲ့မှု၊ တည်ဆောက်သွားမည့် လျာထားပုံစံများ နှင့် ခန့်မှန်းကုန်ကျမည့် တွက်ချက်မှုပုံစံတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ဖြည့်စွက်တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ရင်းနှီးမြှုပ်နှံဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းအတွက် သတ်မှတ်ချက်များ စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် များနှင့် တည်ဆောက်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရေစင်ဈေးသည် ယခုအခါ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်မှု မရှိတော့သည်ကို အားလုံးက သိရှိနားလည်ထားပြီးဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးဟုဆိုရာတွင် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးရေး အလေးထား တိုးမြှင့်ဆောင်ရွက်လျက်ရှိ ပြီး ရေစင်ဈေးအဆင့်မြှင်တင်ခြင်းသည်လည်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ကဏ္ဍပင် ဖြစ်ပါကြောင်း၊ အဆင့်မြှင်တင်မည်ဆိုပါက မြန်မာဟိန်ရိကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ရာတွင်လည်း ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြား ချက်များနှင့်ညီညွတ်စွာ ဆောင်ရွက်နိုင်ရေး၊ ပြုစုတင်ပြဆောင်ရွက်ရမည့် ကိစ္စရပ်များကို အမြန်ဆုံး တင်ပြဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရေစင်ကွင်းဈေးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ဈေးရောင်း/ ဈေးဝယ်များအား ရောင်းဝယ်ဖောက်ကားနိုင်မှုအခြေအနေများနှင့် ဈေးအဆင့်မြှင့်တင်ပေးမည့်အပေါ် ဈေးသူ/ ဈေးသား၏ သဘောတူညီမှုတို့ကို ‌မေးမြန်းခဲ့ကြကာ ဈေးပတ်ဝန်းကျင်နှင့် ဈေးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)