စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး စာဖတ်စွမ်းရည်နှင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊  အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဇူလိုင် ၁၃ ရက် မွန်းလွဲ (၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပသည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိလာစေရန်နှင့် စဉ်းစားတွေခေါ်မှုမြင့်မားလာစေရေး၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့် စိတ်များဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး၊ စာဖတ်စွမ်းရည်နှင့် ကျပန်းစကားပြောပြိုင်ပွဲများ  ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက တိုးတက်သောလူတိုင်းသည် စာပေဖတ်ရှုသူများဖြစ်ကြောင်း၊ ဘက်စုံထူးချွန်စေရေး အားလပ်ချိန်များတွင် စာအုပ်စာပေများဖတ်ရှုသွားကြရန် ပြောကြားသည်။

ထို့နောက် စာဖတ်စွမ်းရည်နှင့် ကျပန်းစကားပြောပြိုင်ပွဲများ  ကျင်းပရာ အမှတ်(၁) အခြေခံပညာကျောင်းမှ အထက်တန်းအဆင့်ကျောင်းသား/ကျောင်းသူများဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ကျောင်းသား/ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်၊စာစောင်များနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ်ခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

စုစုအေး( ကျောက်ဆည်)