မော်လမြိုင် ဇူလိုင် ၁၄
ကျိုက်မရောမြို့နယ် ကျုံစိန်ကျေးရွာ၌ မျိုးစေ့ထုတ်တောင်သူများအား သွင်းအား စုချီးမြှင့်ပေးအပ်ခြင်းနှင့် (RS-CS) မျိုးစေ့ထုတ်စိုက်ခင်း (၃၀) ဧက မြေသြဇာကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ တောင်သူဦးငွေရ၏ လယ်မြေ၌ ကျင်းပပြုလုပ်ရာ ဦးစွာ ကျိုက်မရောမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက ကျိုက်မရောမြို့နယ်၏ မိုးစပါးသီးနှံစိုက်ပျိုးပြီးစီးမှု၊ ပန်းတိုင်အထွက်နှုန်း စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တစ်ဧကအထွက်နှုန်းများ တိုးတက်ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ကို အခြေခံဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တောင်သူများအတွက် ရေ၊ မြေ၊ ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်နှင့် မြေဩဇာများရရှိရေး၊ သီးနှံအထွက်နှုန်းကောင်းမွန်စေရေးတို့ကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ တစ်ဧကအထွက်နှုန်း ပိုမိုထွက်ရှိရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများဖြင့် အစားထိုးစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ် ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး သို့မှသာ ပန်းတိုင်အထွက်နှုန်းသို့ ရောက်ရှိမှာဖြစ်ပါကြောင်း၊ ရေမြေဒေသနှင့်ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေး တောင်သူများအနေဖြင့် ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုဓာတ်မြေသြဇာများ ချီးမြှင့်ပေးအပ်ခဲ့ပြီး တက်ရောက်လာသော ဒေသခံတောင်သူများမှ စိုက်ပျိုးရေးအတွက် လိုအပ်သည့်သွင်းအားစုများအား သက်သာသောနှုန်းထားဖြင့် ဝယ်ယူရရှိလိုမှု၊ စက်သုံးဆီလွတ်လပ်စွာဝယ်ယူရရှိမှုအခြေအနေများအား တင်ပြတောင်းခံခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးငွေရ၏ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းတွင် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာအချိန်ကိုက် အချိုးကျစုပေါင်းကြဲပက်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သော ပြည်နယ်အဆင့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့အစည်းအဝေးသို့ တက်ရောက်ပြီး ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်မှ တောင်သူလယ်သမားများအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းများ သတ်မှတ်ပေးခြင်း၊ အရည်အသွေးမြင့် သွင်းအားစုများနှင့် စိုက်ပျိုးနည်းပညာများ ပံ့ပိုးပေးခြင်း၊ စိုက်ပျိုးထုတ်လုပ်မှုစရိတ် လျော့ကျစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်စသည်တို့မှ ချေးငွေများ ထုတ်ချေးပေးခြင်း၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ခေတ်မီနည်းပညာများဖြင့် တွဲဖက်ဆောင်ရွက်နိုင်ရေးတို့အတွက် ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း၊ မွန်ပြည်နယ်သည် နှစ်စဉ်မိုးရေချိန် (၂၀၀) လက်မကျော် ရွာသွန်းပြီး ရာသီဥတုဖောက်ပြန်သောနှစ်များတွင် သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်သည့် နှစ်များတွင် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအတွက် သီးနှံထိခိုက်ပျက်စီးမှုများအပေါ် အရန်ဆန်ရိက္ခာ၊ မျိုးစပါး၊ စိုက်ပျိုးစရိတ်ချေးငွေများကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ တောင်သူလယ်သမားများ၏ အခွင့်အရေးကို အမှန်တကယ်ကာကွယ်ပေးနိုင်ပြီး၊ ၎င်းတို့၏အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် တက်ရောက်လာကြသူများကလည်း မိမိတို့ကဏ္ဍအသီးသီးမှ တာဝန်ကျေပွန်စွာ ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး မင်းမြင့်မောင်လေးက အကြုံပြုဆွေးနွေးတင်ပြပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)