မုဒုံ ဇူလိုင် ၁၄
မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးသည် မုဒုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မုဒုံမြို့နယ်ရွှေဟင်္သာခန်းမ၌ ကျင်းပပြုလုပ်သည်။
တွေ့ဆုံပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးက ၂၀၂၆-၂၀၂၇ ခုနှစ် မိုးရာသီ မိုးစပါးလျာထားချက်ပြည့်မီရေးအတွက် လာရောက်တွေ့ဆုံခြင်းဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်ကုန်တိုးချဲ့ရန်၊ လုပ်ငန်းများတိုးချဲ့ရန်၊ စားအုံးဆီနှင့်ပတ်သက်၍ မွန်ပြည်နယ်အနေဖြင့် ၁၈ ရာခိုင်နှုန်းသာထွက်ရှိပြီး လိုအပ်သည်များကို ပြည်ပမှ ဝယ်ယူသုံးစွဲနေကြရသဖြင့် တိုးမြှင့်ထုတ်လုပ်ကြရန်လိုအပ်ကြောင်း၊ မြို့နယ်အတွင်း မိုးစပါးလျာထားဧကအတွက် တောင်သူများအနေဖြင့် ဧကအမှန်စိုက်ပျိုးရန်နှင့် မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးကြရန်လိုအပ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်မြေစာရင်းဦးစီးမှူး ဦးပံသုကျော်မှ မြေယာများ စီမံခန့်ခွဲမှုနှင့် ဥပဒေရေးရာကိစ္စရပ်များကိုလည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးလှမိုးအောင်က စိုက်ပျိုးရေးလုပ်ငန်းများတွင် တောင်သူများအနေဖြင့် စိုက်ပျိုးရေးဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လယ်မြေကို ပြုပြင်စိုက်ပျိုးတတ်ရန်နှင့် မြေဆီလွှာထိန်းသိမ်းတတ်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးငြိမ်းချမ်းကျော်က မြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ခုနှစ် မိုးရာသီစိုက်ပျိုးထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီး ကော့ပရံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်လင်းဦးက စိုက်ပျိုးရေးသွင်းအားစု ဈေးနှုန်းမြင့်မားမှု၊ လုပ်သားရှားပါးမှု၊ မြေသြဇာဈေးနှုန်းမြင့်မားမှု၊ ဆန်စပါးဈေးနှုန်းတည်ငြိမ်စေရန် အစိုးရအနေဖြင့် ထိန်းသိမ်းဆောင်ရွက်ပေးရန် တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မုဒုံမြို့နယ် စိုက်ပျိုးရေး (ဗဟို) ခြံ အစည်းအဝေးခန်းမ၌ ခြံတာဝန်ခံ ဦးဇော်လင်းနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ ခြံတာဝန်ခံက စိုက်ပျိုးရေး (ဗဟို) ခြံအတွင်း စိုက်ပျိုးထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးက နိုင်ငံတော်အကြီးအကဲမှ မွန်ပြည်နယ်တွင် ရော်ဘာအား အလေးထားစိုက်ပျိုးရန် ညွှန်ကြားထားရှိကြောင်း၊ အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အောင်မြင်အောင်ဆောင်ရွက်သွားရန်တို့ကို ရှင်းလင်းတင်ပြကာ စိုက်ပျိုးရေး (ဗဟို) ခြံအတွင်းရှိ ၃၀ ဧကတွင် ဆင်းသုခ မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် ၂၀ ဧက၌ ပေါ်ဆန်းယဥ် မိုးစပါးစိုက်ပျိုးထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)