ချမ်းအေးသာစံမြို့နယ် အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း၌ နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ချမ်းအေးသာစံ ဇူလိုင် ၁၄

ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပညာရေးစာပေ တိုးတက်စေရန်သာမက အသိပညာဗဟုသုတများစွာ ကြွယ်ဝစေရန်အတွက် ရည်ရွယ်ကာ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ဇူလိုင် ၁၄ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အသိပညာပေးနံရံကပ်စာစောင်များပြသရာတွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၉) ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဖြစ်ပေါ်လာပုံအကြောင်းအရာများအား ကျောင်းသားလူငယ်များ သိရှိနားလည်စေရန်နှင့် လူငယ်များ၏ ဘဝတက်လမ်းကိုဖျက်ဆီးစေနိုင်သည့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများအားသိရှိစေရန် နံရံကပ်စာစောင်များကို ခင်းကျင်း ပြသခဲ့သည်။

ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများထံ ဖြန့်ဝေခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့တိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို စဥ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)