ငါန်းဇွန် ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီက (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ၊ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက အာဇာနည်ခေါင်းဆောင်ကြီး များ၏ အတ္ထုပ္ပတ္တိနှင့်အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်းမှ Grade-6 ကျောင်းသား၊ ကျောင်းသူများအား ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက အသိအမြင် ဗဟုသုတတိုးပွားစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်၏ “တပြည်သူမရွှေထား”စာအုပ်ကို လေ့လာဖတ်ရှု၍ Grade-6 ကျောင်းသား မောင်ဝေဘုန်းထက်နှင့် ကျောင်းသူ မရှင်ငြိမ်းမင်းတို့က မိမိတို့ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန် ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကိုလည်းကောင်း ရုံးဝင်းအတွင်းပြသထားသော လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးမှတ်တမ်းများပါဝင်သည့် နံရံကပ်စာစောင် နံရံကပ်ဓာတ်ပုံများကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)