ဒဂုံမြောက် ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြိုသစ်ခရိုင်၊ ဒဂုံမြိုသစ် (မြောက်ပိုင်း) မြိုနယ်၌ အဆင့်မြင့်ဆိုလာတပ်ဆင်ခြင်း နည်းစနစ်သင်တန်း (၁/၂၀၂၆) ဆင်းပွဲနှင့် အခြေခံမော်တာစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၃ ရက်နေ့ နေ့လယ်ပိုင်းက (၄၃) ရပ်ကွက် မင်းရဲကျော်စွာလမ်းထောင်နှင့် ဗိုလ်မင်းရောင်လမ်းထောင့်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ) ၌ ကျင်းပသည်။
အခမ်းအနားတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က အမှာစကားပြောကြားရာတွင် ဆိုလာသင်တန်းတက်ရောက်ခဲ့ခြင်းဖြင့် ကမ္ဘာ့ရေစီးကြောင်းအရ ခေတ်မီကျွမ်းကျင်မှု (Green Skills) ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စိမ်းလန်းသောစွမ်းအင်ကို ဦးတည်နေတာကြောင့် ဆိုလာနည်းပညာတတ်မြောက်ထားခြင်းက အနာဂတ်မှာ ရေရှည်အသုံးတည့်နေမယ့် အတတ်ပညာ၊ နည်းပညာတစ်ခုဖြစ်ကြောင်း၊ မော်တာအထည်ချုပ်သင်တန်းမှာတော့ အခြေခံစက်ချုပ်ခြင်းအတွက် အရေးကြီးတဲ့ လုပ်ငန်းသုံးကိရိယာတွေ၊ လက်သုံးကိရိယာတွေ မှန်ကန်စွာ အသုံးပြုစေဖို့နဲ့ စနစ်တကျထိန်းသိမ်းခြင်း၊ အပ်တပ်ခြင်း၊ စက်ဆီအသုံးပြုမှု စက်သန့်ရှင်းရေး၊ လွန်းအိမ်အသုံးပြုပုံ၊ အပ်ချည်လမ်းကြောင်းတွေ Patten လေးငါးမျိုးလောက်ကို လက်တွေ့သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ ဒါကြောင့် သင်တန်းတက်ရောက်ပြီးတဲ့ သင်တန်းသားများ၊ ခုစတက်မယ့် သင်တန်းသားတွေကို မှာကြားချင်တာကတော့ လေ့လာပါ၊ ဆည်းပူးပါ၊ ပြန်ပြီးအသုံးချပါလို့ တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
အခြေခံမော်တာစက်ချုပ်သင်တန်းကို၊ သုံးပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါသင်တန်းဖွင့်ပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားသို့ သင်တန်းသား (၅၇) ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းမှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ (ပြန်/ဆက်)