ကျောက်ပန်တောင်း ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များပူးပေါင်း၍ တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ပြသခြင်းတို့ကို၊ ဇူလိုင် ၁၄ ရက်နေ့ နံနက် ၉ နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောရာတွင် ဈေးကွက်သစ်ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးဌေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်သဲဖြူက စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့ကို ဟောပြောပြီး၊ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦးက ရာသီပေါ်တုတ်ကွေးရောဂါ ဖြစ်ပွားရသည့်အကြောင်းနှင့် ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေးဟောပြောသည်။ ယင်းနောက် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲ ပြသ ထားရှိမှုတို့ကို ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြရာ မြို့နယ်ဦးစီးမှူးနှင့် ဒုတိယ ဦးစီးမှူးတို့က ရှင်းလင်းပြသခဲ့ကြသည်။
အဆိုပါ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ခြင်း၊ အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲသို့ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦးနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်းနှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၉၅ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)