မြစ်သား ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဖလား အသက် (၁၉) နှစ်အောက် ကျောင်းပေါင်းစုံ (အမျိုးသမီး) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၃ ရက် ညနေ ၄ နာရီက မြို့နယ်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ရွာခိုင်ကြီး အ.ထ.က အသင်းနှင့် မင်းလည် အ.ထ.က ခွဲ အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ရွာခိုင်ကြီး အ.ထ.က အသင်းမှ ဂိုးမရှိ မင်းလည် အ.ထ.က ခွဲအသင်းမှ ၁ ဂိုး ရရှိပြီး ပထမဆုကို ဆွတ်ခူးရရှိခဲ့သည်။ ထို့နောက် အုပ်စုပွဲစဉ်အလိုက် ယှဉ်ပြိုင်ခဲ့သော ဘောလုံးအသင်းများကို ငွေသားဆုများချီးမြှင့်ခြင်း၊ ရှေ့တန်းအကောင်းဆုံး အားကစားသမားဆု၊ အလယ်တန်းအကောင်းဆုံး အားကစားသမားဆု၊ နောက်တန်းအကောင်းဆုံး အားကစားသမားဆု၊ ဂိုးသမားအကောင်းဆုံးဆု ရရှိသော အားကစားသမားများကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး တတိယဆု ရရှိသော လမ်းခွအ.ထ.ကအသင်းအား မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးဇော်နိုင်မင်းက တစ်ဦးချင်း လည်ဆွဲတံဆိပ်များနှင့် မြို့နယ်ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်ဖူးငုံမှ ငွေသားဆု ၂ သိန်းကိုချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ဒုတိယဆုရရှိသော ရွာခိုင်ကြီး အ.ထ.က အသင်းအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းက တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်များနှင့် မြို့နယ်ပညာရေးမှူး ဒေါ်သင်းသီရိမှ ငွေသားဆု ၃ သိန်းကိုလည်းကောင်း၊ ပထမဆုရရှိသော မင်းလည်အသင်းအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းက တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ကျောက်ဆည်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီသီကျော်က ငွေသားဆု ၅ သိန်းကို လည်းကောင်း၊ ပထမဆုရရှိသော မင်းလည်အသင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က တံခွန်စိုက်ဖလားဆုကို အသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြစ်သားမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်း၊ ကျောက်ဆည်မြို့နယ်၊ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီသီကျော်၊ ပညာရေးမှူး ဒေါ်သင်းသီရိ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးကျော်ဟန်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/မများ၊ ပြိုင်ပွဲဝင် ၁၃ သင်းမှနည်းပြများနှင့် အားကစားသမားများ၊ ကျောင်းသား/သူများ၊ ရပ်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း (ပြန်/ဆက်)