နမ့်စန်(တ) ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၅) နှစ်အောက် အမျိုးသားနှင့် အမျိုးသမီး အသက်(၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက မြို့နယ်ကျောက်တိုင် အားကစားကွင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် အ.ထ.က(နမ့်စန်) ဘောလုံးအသင်းနှင့် အ.ထ.က-ခွဲ(၅)ရပ်ကွက်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အ.ထ.က-ခွဲ(၅)ရပ်ကွက်အသင်းက ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ နေရာအလိုက် အကောင်းဆုံးဆုရ အားကစားသမားများနှင့် ပွဲစဉ်တလျှောက် အကောင်းဆုံးအားကစားသမားဆုများကို ဒုတိယမြို့နယ် ပညာရေးမှူး ဦးအောင်မင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အမျိုးသမီးပြိုင်ပွဲတွင် တတိယရရှိသော ကောင်းမြတ်ကိုယ်ပိုင်အထက်တန်းကျောင်း ဘောလုံးအသင်းနှင့် ဒုတိယဆုရရှိသော အ.ထ.က-ခွဲ(လွိုင်ငင်းကြီး) အသင်း၊ အမျိုးသားပြိုင်ပွဲတွင် တတိယဆုရရှိသော အ.ထ.က(ခိုလမ်)အသင်းနှင့် ဒုတိယဆုရရှိသော အ.ထ.က(နမ့်စန်) ဘောလုံးအသင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက တစ်ဦးချင်း ဆုဆွဲပြားများနှင့် ဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုဆွတ်ခူးသွားသော အ.ထ.က-ခွဲ (လွယ်ယင်း) ဘောလုံးအသင်းကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောင်းဝင်းက တစ်ဦးချင်း ဆုတံဆိပ်ဆွဲပြားများ၊ ဆုငွေ (၃) သိန်းကျပ်နှင့် ပထမဆုဖလားကြီး ပေးအပ်ချီးမြှင့်ခဲ့ပီး အမျိုးသားပြိုင်ပွဲတွင် ပထမဆုဆွတ်ခူးသွားသော အ.ထ.က-ခွဲ(၅)ရပ်ကွက်ဘောလုံးအသင်းကို အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်က တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားများ၊ ဆုငွေ(၅)သိန်းကျပ်နှင့် ပထမဆုဖလားကြီးကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)