မန္တလေးခရိုင်၌ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ

မန္တလေး ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  ယမန်နေ့ မွန်းလွဲ ၁ နာရီက ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပခဲ့သည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ‌ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများအား ပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ် (၂၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက အာဇာနည်နေ့အထိမ်းအမှတ် ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊  က‌ဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုများကိုလည်း လာမည့်အပတ်တွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်သည်။

ယင်းနောက် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ် စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များအား ပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)