ကျောက်တလုံးကြီး ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီက ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ စသည်တို့ကို အသိပညာပေးဟောပြော၍ အ.ထ.က ကျောက်တလုံးကြီး ကျောင်းသား/သူများက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများသို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြပြီး အာဇာနည်နေ့အကြောင်း သိမှတ်ဖွယ်ရာ အသိပညာပေး နံရပ်ကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ကျင်းပပြုလုပ်သည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်တလုံးကြီးမှ ဆရာမတစ်ဦးက ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးခဲ့ကြောင်းနှင့် ကျောက်တလုံးကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နေ့ထူးနေ့မြတ်များ၊ အထိမ်းအမှတ်နေ့များနှင့် ဗဟုသုတရဖွယ် အကြောင်းအရာများကို ကျောင်းသား/သူ လူငယ်များ ပိုမိုသိရှိနိုင်စေရေးအတွက် ပြပွဲပြိုင်ပွဲများ၊ နယ်လှည့်အသိပညာပေးလုပ်ငန်းများဖြင့် လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း