ရန်ကုန် ဇူလိုင် ၁၄
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ ရန်ကုန်၊ ၂၀၂၆ ခုနှစ် ပါမောက္ခချုပ်ဖလား ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဘောလုံးအားကစားလေ့ကျင့်ရေးကွင်း (၁) (စက်ဘီးကွင်း) တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ ရန်ကုန်၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ် အလုပ်သင်ဆရာဝန်အသင်းနှင့် စတုတ္ထနှစ် B.D.S အသင်းတို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ပြိုင်ပွဲတွင် အကောင်းဆုံး နောက်တန်းအားကစား သမားဆုရရှိသည့် စတုတ္ထနှစ် B.D.S အသင်းမှ ကျောနံပါတ် (၈၀) ဟိန်းထက်ကျော်၊ အကောင်းဆုံး အလယ်တန်းအားကစားသမားဆုရရှိသည့် စတုတ္ထနှစ် B.D.S အသင်းမှ ကျောနံပါတ် (၂၂) အေးကျော်ဆန်း၊ အကောင်းဆုံးရှေ့တန်းအားကစားသမားဆုရရှိသည့် ပထမနှစ် B.D.S အသင်းမှ ကျောနံပါတ် (၁၀) မောင်မောင်ထွန်း၊ အကောင်းဆုံးဂိုးသမားအားကစားသမားဆုရရှိသည့် စတုတ္ထနှစ် B.D.S အသင်းမှ ကျောနံပါတ် (၁) မျိုးဟိန်းခန့်၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသည့် အလုပ်သင်ဆရာဝန်အသင်းမှ ကျောနံပါတ် (၆) တည်ခန့်ဦးနှင့် ဒုတိယဆုရရှိသည့် အလုပ်သင်ဆရာဝန်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပထမဆုရရှိသည့် စတုတ္ထနှစ် B.D.S အသင်းအား ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက တံခွန်စိုက်ဖလားအား လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲကို စာသင်နှစ်အလိုက် အတန်းအသီးသီးမှ အသင်း (၆) သင်း၊ အားကစားသမား (၁၀၈) ဦးဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့မှ ဇူလိုင်လ (၁၃) ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)