မိုးညှင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မိုးညှင်း ဇူလိုင် ၁၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်းခွဲ (နားခါ) ၌ ကျင်းပသည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးနေဝင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ထက်က လူငယ်ရေးရာ ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး စသည့် ခေါင်းစဉ်တို့ဖြင့် ဟောပြောသည်။

ဆက်လက်၍ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဒေါ်သန္တာဦးက အားကစားနည်း (၄) နည်းဖြစ်သော ယှဉ်ပြိုင်အားကစားနည်း၊ အပန်းဖြေအားကစားနည်း၊ ရိုးရာအားကစားနည်းနှင့် လူထုအားကစားနည်းစသည့် ခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ မြို့နယ်တာဝန်ခံ ဦးအောင်ဇင်ဦးက အားကစားမှတစ်ဆင့် ကျန်းမာသန်စွမ်းလာပြီး အောင်မြင်သော ဘဝပိုင်ရှင်လူငယ်များဆီသို့ ခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြသည်။

ယင်းနောက် ကျောင်းသားကျောင်းသူများမှ သိရှိလိုသည်များအား မေးမြန်ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးဖြေကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ ရသစာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း