ကော့မှူး ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်ဇော်တို့က ပြောကြားရာတွင် ကမ္ဘာအရပ်ရပ်တွင် ဘေးအန္တရာယ်အမျိုးမျိုး ကျရောက်ခံစားရလျက်ရှိပြီး ထို့ဘေးများအနက် သဘာဝဘေးအန္တရာယ်မှ အများဆုံးနှင့် ဒုက္ခအပေးဆုံးဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် တစ်ခုကျရောက်တိုင်း လူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးစေသည့်သာမက နဂိုအခြေအနေသို့ရောက်ရှိအောင် ပြန်လည်ထူထောင်ရသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးပါကြောင်း၊ ထို့ကြောင့် သဘာဝဘေးအန္တရာယ်မကျရောက်မီကပင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ မလွဲမသေပြုလုပ်ရန်လိုအပ်ကြောင်း၊ လူသားတို့၏ စည်းကမ်းမဲ့ လုပ်ဆောင်ချက်များကြောင့် သဘာဝပတ်ဝန်းကျင်မှာ တစ်စတစ်စယိုယွင်းပျက်စီးလာသဖြင့် ရာသီဥတုသည် ပုံမှန်မဟုတ်တော့ဘဲ ပြောင်းလဲလာပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာကြောင်းနှင့် သဘာဝဘေးအန္တရာယ်အမျိုးအစားများ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများမှ ဆောင်ရန်၊ ရှောင်ရန်များ မုန်တိုင်းဘေး၊ ရေဘေး၊ လေဘေးအန္တရာယ်အတွက် ဆုံးရှုံးမှုသက်သာစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အချက်များစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ/ ရသစာအုပ် စာစောင်များနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူများစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုနေကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)