မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

မိုင်းယု ဇူလိုင် ၁၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်စသည့်လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက် ကွင်းဆင်း ဆောင်ရွက်သည်။

အဆိုပါ ဆောင်ရွက်ရာသို့  မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ရပ်ကွက်အုပ်စုအုပ်ချုပ်ရေးမှူး တို့ပါဝင်သည့်အဖွဲ့များက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်များ အလွယ်တကူ ပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်၊ ရေစည်၊ ရေပုံးများ အတွင်းသို့  လိုက်လံစစ်ဆေး၍ အဘိတ်ဆေးများခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် ဘုရားပန်းအိုးများ၊ သောက်တော် ရေခွက်များ၊ မိုးရေတင်ကျန်နိုင်သည့် တာယာခွံများနှင့် ရေအိုးဟောင်းများတွင် ရေများမခိုအောင်းစေရေး ဆောင်ရွက်ပေးကြပါရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့် အကြောင်းအရာများအား အသိပညာပေးကာ သတ်မှတ်ထားသည့် လမ်းညွှန်ချက်များ အတိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်