သုံးခွမြို့နယ်၌ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

သုံးခွ ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက (မြို့မ) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာကျော်ကိုကိုခိုင်က ခွေးရူးရောဂါကာကွယ်တားဆီးရေးအတွက် ခွေးရူးရောဂါကာကွယ်ရေး သိကောင်းစရာများ၊ ခွေးရူးရောဂါကူးစက်ခံရနိုင်သည့် နည်းလမ်းများ၊ ခွေးရူးရောဂါကူးစက်ခံရမှု အန္တရာယ်ရှိသောသူများ၊ ခွေးရူးရောဂါဖြစ်ပွားနိုင်သည့် အချက်များ၊ ခွေးရူးပြန်ရောဂါလက္ခဏာများအကြောင်းနှင့် လူတွင်ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါမဖြစ်အောင် ကာကွယ်သည့် နည်းလမ်းများ၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေး မဖြစ်မနေထိုးရမည့်အခြေအနေများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ သုံးခွမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဒေါ်ခိုင်သန့်သန့်လှိုင်နှင့် ဒေါ်ဆုလဲ့ရည်နေဝင်းတို့က သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများ၊ ယင်လုံအိမ်သာအသုံးပြုပုံများနှင့် ခွေးရူးရောဂါနှင့်ပက်သက်၍ ဆောင်ရန် ရှောင်ရန်များအကြောင်းကို ပြောကြားခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ကျော်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ကိုကိုခိုင်၊ သုံးခွမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဒေါ်ခိုင်သန့်သန့်လှိုင်နှင့် ဒေါ်ဆုလဲ့ရည်နေဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေါ်စုမြတ်မိုးနှင့် ဒေါ်ပိုးအိဖြူစိုးတို့ တက်ရောက်ကြကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)