မောက်မယ် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူနှင့် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်၁၀နာရီက ဘောလုံးအားကစားကွင်းအား စနစ်တကျပြုပြင်တည်ဆောက်နိုင်ရေးအတွက် သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများနှင့် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အားကစားပစ္စည်းများထောက်ပံ့ပေး၍ အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများအားညှိနှိုင်းဆောင်ရွက်ပေးပြီး ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ ကျောင်းသုံးစာရေးကိရိယာများနှင့် အားကစားပစ္စည်းများကို ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်ပြီး နှစ်၁၅၀ကျော် ရှေးဟောင်းသမိုင်းဝင်မောက်စံဘုန်းတော်ကြီးကျောင်း၌ ဆီမီး၊ ပန်း၊ ရေချမ်းတို့ဆက်ကပ်ပူဇော်လှူဒါန်း၍ ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ ရှေးဟောင်းစာပေပရဗိုဒ်များသွားရောက်လေ့လာခဲ့ပြီး မောက်မယ်မြို့နယ်ပြည်သူ့ဆေးရုံသို့သွားရောက်ကာ ဆေးရုံတက်ရောက်နေသည့်လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံအတွက်ကျန်းမာရေးသုံးဆေးပစ္စည်းများနှင့် အလှူငွေများအားပေးအပ်လှူဒါန်းကာ မြို့နယ်ဆရာဝန်ကြီးနှင့်တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် စျေးတန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ တိုးချဲ့ကျောင်းဆောင် သစ်ဆောက်လုပ်ရန်အတွက် မြေနေရာအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လိုအပ်သည်များမှာကြား၍ ကျောင်းသုံးစာရေးကိရိယာများနှင့် အားကစားပစ္စည်းများကို ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများကပေး အပ်လှူဒါန်းခဲ့ကြပြီး ရှမ်းပြည်နယ်အစိုးရ၏ Clean&Green လုပ်ငန်းဖြင့် ဆောင်ရွက်ခဲ့သော မောက်မယ် မြို့နယ်၏ ဂုဏ်ကျက်သရေဆောင် အထင်ကရမြို့ရှုခင်းဖြစ်သည့် MAUK MAI VIEW POINTအား သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများက ဒေသ၏ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များ၊ အခက်အခဲများကို ဆွေးနွေးတင်ပြကြရာပြည်နယ်ဝန်ကြီးကလိုအပ်သည်များဖြည့်စွက်မှာကြား၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)