မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း အမှတ်(၄)အရက်ချက်စက်ရုံ၊ ကြွေထည်ပစ္စည်း ထုတ်လုပ်ရေးဌာန (မော်လမြိုင်) စက်ရုံနှင့် ကျောက်တန်းစက်ရုံစုရှိ M rubber Co.ltd (ခရမ့်ရော်ဘာ) စက်ရုံတို့အား ကွင်းဆင်းစစ်ဆေး

မော်လမြိုင် ဇူလိုင် ၁၄

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ မုပွန်နတ်ကျွန်းရပ်ရှိ စက်မှု၊ အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် Shwe Mawlamyine Beverage Enterprise Co; Ltd တို့အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မော်လမြိုင် အမှတ် (၄) အရက်ချက်စက်ရုံနှင့် မော်လမြိုင်မြို့၊ မုပွန်ရပ်ရှိစက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် Chords & Chain Myanmar Co; Ltd တို့အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကြွေထည်ပစ္စည်း ထုတ်လုပ်ရေးဌာန (မော်လမြိုင်) စက်ရုံတို့အားကွင်းဆင်း စစ်ဆေးကြည့်ရှုပြီး စက်ရုံများ၏ လက်ရှိအခြေအနေ၊ စက်ရုံများမှတင်ပြသည့် တင်ပြချက်များအပေါ် လိုအပ်သည်များ ကူညီပေါင်းစပ်​ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ကျောက်တန်းစက်ရုံစုနယ်မြေရှိ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မတီမှခွင့်ပြုထားသော မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သည့် M rubber Co.ltd (ခရမ့်ရော်ဘာ) စက်ရုံသို့သွားရောက်၍ ခရမ့်ရော်ဘာစက်ရုံ လည်ပတ်မှု အခြေအနေနှင့် ပြည်ပတင်ပို့ကုန် ရော်ဘာထုတ်လုပ်မှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကာ လက်ထောက်စက်ရုံမှူးက စက်ရုံလည်ပတ်မှုနှင့် ရော်ဘာအချောထည် အဆင့်ဆင့်ထုတ်လုပ်မှု၊ ပြည်ပတင်ပို့ကုန်အဖြင့် ထုတ်ပိုမှုအခြေအနေတို့အား လိုက်လံရှင်းလင်းပြသခဲ့သည်။ ယင်းနောက် ရှင်းလင်းဆောင်တွင် စက်ရုံမှူးက စက်ရုံလည်ပတ်မှုအခြေအနေနှင့် ပြည်ပတင်ပို့မှုအခြေအနေ၊ ရော်ဘာပြားကုန်ကြမ်း ရရှိမှုအခြေအနေတို့အား power point ဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ‌ဦးအောင်ဝင်းသန်းက M rubber Co.ltd ခရမ့်ရော်ဘာစက်ရုံလည်ပတ်မှုအတွက် လျှပ်စစ်မီးရရှိမှု၊ ရေသုံးစွဲမှုအခြေအနေနှင့် မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးမှုအများဆုံးဒေသတစ်ခုဖြစ်ပြီး စိုက်ဧကပေါင်း (၅) သိန်းကျော် စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ပြည်တွင်း၊ ပြည်ပမှ ရော်ဘာအခြေခံသည့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကောင်းမွန်သော စီးပွားရေးအခြေအနေကောင်းများ ပေါ်ထွန်းလာစေရေးနှင့် ပြည်သူများ စီးပွားရေးအလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုကြောင်းပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)