မိုင်းယု ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား (ထပ်တိုး)အိမ်ထောင်စု များအား ထောက်ပံ့ကြေးပေး အပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မိုင်းယုဒေသတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ (ထပ်တိုး)အိမ်ထောင်စုများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို နိုင်ငံတော်က ထောက်ပံ့ပေးသော ငွေကျပ် နှစ်သောင်းတိတိကို မိုင်းယုမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ ဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး ဦးဆောင်ကာ မြို့စည်ပင်သာယာရေးကော်မတီ၊ နယ်မြေခံမီးသတ် တပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များ၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု ဆယ်အိမ်မှူးများက အခြေခံလူတန်းစား (ထပ်တိုး) အိမ်ထောင်စုများ ထံသို့ တစ်အိမ်ထောင်စုလျင် ငွေကျပ်နှစ်သောင်းနှုန်းဆီဖြင့် အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေး အပ်ခြင်း ဖြစ်သည်။
ယင်းသို့ ပေးအပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ် စေရန်အတွက် ပုံမှန်ဝင်ငွေမရှိသည့်အိမ်ထောင်စုများ ကိုဗစ်-၁၉ရောဂါကာလအတွင်း မိသားစုကုန်ကျစရိတ်ကို သက်သာစေရန် ထောက်ပံ့ပေးရခြင်းဖြစ်ပြီး မိုင်းယုမြို့တွင် ယခင်က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ ဖြစ်ကြသည့် မြို့မရပ်ကွက်အုပ်စုအတွက် အိမ်ထောင်စု(၂၄)စု၊ ဒွန်းနွဲ့အုပ်စုတွင် အိမ်ထောင်စု(၁၉)စု၊ မိုင်းလွေအုပ်စုတွင် အိမ်ထောင်စု(၇)စုနှင့် တာကြန့်အုပ်စုတွင် အိမ်ထောင်စု(၇)စု၊ စုစုပေါင်းအိမ်ထောင်စု(၅၇)စုတို့ဖြစ်ရာ ယခု(ထပ်တိုး) အိမ်ထောင်စုများမှာ မြို့မရပ်ကွက် တွင် အိမ်ထောင်စု(၃)စု၊ ဒေါင်နေရပ်ကွက်တွင် အိမ်ထောင်စု(၁၀)စု၊ တာကြန့်အုပ်စုရှိ ဝမ်မိုင်မိုင်းလုံကျေးရွာ၌ အိမ်ထောင်စု(၅)စုနှင့် ဝမ်ကျိုင်းကျေးရွာ၌ အိမ်ထောင်စု(၄)စုတို့ဖြစ်ပြီ စုစုပေါင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စု(၇၉)စုရှိကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)