သထုံ ဇူလိုင် ၁၄
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တာဝန်ရှိသူများ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးခြင်း၊ မှုခင်းအသိပညာပေးနှင့် ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲတို့ကို ယမန်နေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် အမှတ် (၆၂) မူးယစ်တပ်ဖွဲ့စုမှ ရဲမှူး တင်ကိုကိုက မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ ဆိုးကျိုးများနှင့် စွဲလမ်းစေရသည့်အကြောင်းရင်းများ၊ သထုံမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်မိုးက မှုခင်းဖြစ်စဉ်များ လျော့နည်းကျဆင်းပြီး ပြည်သူလူထုများ လုံခြုံအေးချမ်းစွာနေထိုင်ရေးနှင့် အမှတ် (၇၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (သထုံ)မှ ဒုရဲအုပ် မြတ်သူရက ယာဥ်အန္တရာယ်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာတို့ကို ဆွေးနွေးဟောပြောကြရာ ကျောင်းသား ကျောင်းသူတို့က သိလိုသည်တို့ကို မေးမြန်းခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ သထုံမြို့နယ်ပညာရေးမှူး ဦးမြင့်ထွေး၊ အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ညီညီလတ်နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)