ပေါင် ဇူလိုင် ၁၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပေါင်မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်သော အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲနှင့် စာပေဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က (ပေါင်) ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးနှင့် ဝန်ထမ်းများ၊ ပေါင်မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ မောင်ပွင့်ဉာဏ် (မောရ)၊ စာရေးဆရာငှက်တောင်ပျံ (ဇင်းကျိုက်) တို့နှင့် စာရေးဆရာများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုလွင်ဦးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းအကျိုးတော်ဆောင်နာယက ဦးရဲအောင်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အာဇာနည်နေ့အထိမ်းအမှတ်နှင့်ပတ်သက်၍ သိကောင်းစရာများကိုလည်းကောင်း၊ စာရေး မောင်ပွင့်ဉာဏ် (မောရ) က လူငယ်များသို့ စကားလက်ဆောင်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ ငှက်တောင်ပျံ (ဇင်းကျိုက်) က ပညာရေးကောင်းမှ တိုင်းပြည်ကောင်းမည် ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
ဆက်လက်၍ ဒေါက်တာလှဘေ ပညာပါရမီစာကြည့်တိုက် (မော်လမြိုင်) မှ အ.ထ.က (ပေါင်) ကျောင်းစာကြည့်တိုက်အတွက် သုတ/ ရသစာအုပ်များ လှူဒါန်းပေးခဲ့ပြီး စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုလွင်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်သား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)