အင်းစိန် ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ကဗျာ၊ ပုံပြော၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများနှင့် ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အင်းစိန်ခရိုင် လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အာဇာနည်နေ့အကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေး က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံများကိုဟောပြော ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးမှုကြီးကြပ်ရေးအဖွဲ့ဝင်များ ၊ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ပြိုင်ပွဲတွင်အကောင်းဆုံး ယှဉ်ပြိုင်နိုင်သော ကျောင်းသား၊ ကျောင်းသူများအား ဆုများရွေးချယ်၍ ပထမ၊ ဒုတိယ၊ တတိယဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ဆုချီးမြှင့်ပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ပြသထားသောအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)