မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ (၇၉)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာဖတ်ဝိုင်း၊  ပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ

မန္တလေး ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  ယနေ့ မွန်းလွဲ ၁ နာရီက ၂၀၂၆ခုနှစ်၊ ဇူလိုင် ၁၉ ရက်တွင်ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပသည်။

စာဖတ်ဝိုင်းတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ‌ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်း ပြောကြားသည်။

အဆိုပါ ပြိုင်ပွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၅) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက အာဇာနည်နေ့အထိမ်းအမှတ်ခေါင်းစဉ်ဖြင့်  စာဖတ်စွမ်းရည်ပြိုင်ပွဲ၊  က‌ဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ပါဝင်ယှဉ် ပြိုင်ခဲ့ပြီး ဆုများကိုလည်း လာမည့်အပတ်တွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်သည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ရသစာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များအားပြသရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)