မိုးကောင်း ဇူလိုင် ၁၃
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိုးကောင်းမြို့နယ်အတွင်း မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မြန်မာ့မီးရထား ပြန်လည်ပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် ကျေးရွာနေပြည်သူ များအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇူလိုင် ၁၁ ရက် နံနက် ၆ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့-မိုးကောင်း- မိုးညှင်း အမှတ် (၄၉)အဆန်ရထားနှင့် အမှတ်(၅၀) အစုန်ရထားခရီးစဉ်အား လာမည့် ဇူလိုင် ၂၁ ရက်နေ့တွင် စတင်ပြေးဆွဲတော့မည် ဖြစ်သဖြင့် မြန်မာ့မီးရထားအနေဖြင့် မိုးကောင်း-မိုးညှင်းဘူတာအကြား (၅၂ ဒဿမ ၂၅)မိုင်အအတွင်းရှိ သံလမ်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ရှင်းလင်းရေးဆောင်ရွက်ခြင်းနှင့် သံလမ်းကူးတံတားများ ပြုပြင်တည်ဆောက်ခြင်းနှင့် ဘူတာများ ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်၊ လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းစက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ မိုးကောင်းမြို့နယ် ပင်းဘောဘူတာ ပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ မြန်မာ့မီးရထားတာဝန်ရှိသူများနှင့် ဆွေးနွေးကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် ပင်းဘောဘူတာမှတစ်ဆင့် မြန်မာ့မီးရထား၏ အင်ဂျင်နီယာ(အထူး) ရထားဖြင့် လိုက်ပါ စီးနင်းခဲ့ပြီး ပင်းဘောဘူတာမှ နန်ခွင်ဘူတာအထိ သံလမ်းတစ်လျှောက် ရှင်းလင်းရေးလုပ်ငန်းများ ဆောင် ရွက်ပြီးစီးမှုနှင့် သံလမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး နန်းခွင်ဘူတာအကျော် နန်းခွင်ချောင်းပေါ်တွင် တည်ဆောက်ထားသော မိုင် ၆၅၆/ ၁၆-၁၈ ရှိ တံတားအမှတ် (၆၃၀)အား တံတားရေလည်တိုင်များ ပျက်စီးမှုအပေါ် ပြန်လည်ပြုပြင်တည်ဆောက်ထား ရှိမှုနှင့် တံတားကမ်းကပ်ခုံ ရေတိုက်စားမှုအပေါ် ပြုပြင်တည်ဆောက်ပြီးစီးမှု၊ သံလမ်းဇလီဖားတုံး မြှင့်တင် ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရထားတာဝန်ရှိသူများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် ပင်းဘောကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ပင်းဘော)သို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်း၌ ကျန်းမာရေးဝန်ကြီးဌာန၊ မြစ်ကြီးနားအထွေထွေရောဂါကုဆေးရုံကြီး အထူးကု ကွင်းဆင်းကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ကချင်ပြည်နယ် အခမဲ့ဆေးဝါး ကုသရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ တိုင်းရင်းဆေးရုံတို့က ပင်းဘောတိုက်နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် သွေးတိုး၊ ဆီးချိုဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်နေမှု၊ အရိုး၊ အကြော၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ကြောင်း၊ သားဖွား/ မီးယပ်နှင့် ကလေးအထူးကု၊ အရောပြားရောဂါ၊ အထွေထွေရောဂါ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုများနှင့်တိုင်းရင်းဆေးပညာဦးစီးဌာနက တိုင်းရင်းဆေးပညာဖြင့် ကုသပေးခြင်းလုပ်ငန်းများ ဆောင် ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ ဆေးဝါးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ဆက်လက်၍ အဆိုပါကျောင်း ပုလဲရတနာခန်းမ၌ ပင်းဘောဒေသစိတ်ရှိ ကျေးရွာများမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြု ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြရာ ကျောင်းသား/ ကျောင်းသူလေးများက ဘက်စုံပညာ ကိုရည် ဒို့လှမ်းချီ သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ပင်းဘောဒေသစိတ်ဒေသ၊ အ.ထ.က(ပင်းဘော) စာစစ် ဌာနမှ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးများနှင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်း သူများအား ထို့အပြင် ပင်းဘောဒေသ အဘက်ဘက်က တိုးတက်ပြီး အခုလိုအောင်မြင်မှုရရှိအောင် ကူညီ ပံ့ပိုးပေးခဲ့ကြပါသော ရပ်မိ/ ရပ်ဖများ၊ သင်ကြားရေးဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများအားလုံးကို အသိအမှတ်ပြုဂုဏ်ယူပါကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်း မြို့နယ်အောင်ချက် ဒုတိယဆုရရှိခဲ့သည့် အတွက်လည်း ဂုဏ်ယူပါကြောင်းနှင့် မိမိတို့မိသားစု၊ မိမိတို့ဒေသနှင့် နိုင်ငံတော်အတွက် အားကိုးအားထား ပြုရသော လူငယ်များ ဖြစ်လာအောင် ကြိုးစားကြစေလိုကြောင်း ဂုဏ်ပြုပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပြည်နယ်အစိုးရအဖွဲ့မှ အဆိုပါ ထူးချွန်ကျောင်းသား/ ကျောင်းသူများအား ငွေကျပ်သိန်း ၂၀ မတည်၍ ဂုဏ်ပြုချီးမြှင့်နိုင်ရေး စီစဉ်ဆောင် ရွက်ပေးခဲ့သော ဂုဏ်ပြုဆုများကို အဆိုပါဒေသစိတ်အတွင်းမှ တက္ကသိုလ်ဝင်တန်းတွင် ငါးဘာသာဂုဏ်ထူး ဖြင့် အောင်မြင်ခဲ့သူ တစ်ဦးအပါအဝင် (၃)ဘာသာ (၄)ဦး၊ (၂)ဘာသာ (၁၀)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၁၃)ဦးတို့အား ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ (၅)ဘာသာ ဂုဏ်ထူးရ ကျောင်းသူက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများ၏ ရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာနေ ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် အခမဲ့ ဆေးဝါးကုသရေးဖောင်ဒေးရှင်းတို့အတွက် ချီးမြှင့်ငွေကျပ်စုစုပေါင်း သိန်း ၂၀ နှင့် အကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နမ္မတီးမြို့သို့ရောက်ရှိပြီး မြို့တော်ခန်းမ၌ မြို့ပေါ်ရပ်ကွက်များတွင် ယာယီတိမ်းရှောင်ခိုလှုံနေထိုင်လျက်ရှိသော မြို့နယ်အသီးသီးမှ အိမ်ထောင်စု များအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နမ္မတီးမြို့ပေါ်ရှိ မြို့လှကြံခင်း KBC စခန်း၊ မြို့သာယာ RC စခန်း၊ ဒွန်ဘုံးခစခန်း၊ နန့်ယာစခန်း၊ မြို့မဝါအောင်စခန်း၊ ကံလှဝန်ဂျာစခန်းများအပြင် နီးစပ်ရာဆွေမျိုးနေအိမ် များတွင် နေထိုင်လျက်ရှိသော အိမ်ထောင်စုများအတွက် ဆန်အိတ် ၂၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ယာယီနေရပ်စွန့်ခွာပြည်သူများကိုယ်စား မြို့လှကြံခင်း KBC စခန်း တာဝန်ခံက ကျေးဇူးတင်စကားနှင့် စခန်းများအတွက် နေထိုင်စားသောက်မှုဆိုင်ရာ လိုအပ်ချက်များကို တင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး စခန်းအသီးသီး၏ လိုအပ်ချက်များ ဖြည့်စွက်ပြင်ဆင်ဆောင်ရွက်နိုင်ရေး ငွေကျပ်သိန်း ၆၀ ကို ထပ်မံ ထောက်ပံ့ပေးအပ်ကာ နိဂုံးချုပ် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)