ဝိုင်းမော် ဇန်နဝါရီ ၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာ၌ ခွေးရူးရောဂါ ကင်းစင် ပပျောက်နိုင်ရေး အတွက် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့ နံနက် ၈ နာရီတွင် နောင်ချိန်းကျေးရွာ အုပ်ချုပ်ရေးရုံး၌ ခွေးရူးကာကွယ်ဆေးအခမဲ့ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ခွေးရူးကာကွယ်ဆေးအခမဲ့ကွင်းဆင်းထိုးနှံပေးရာတွင် ဝိုင်းမော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအက်စ်ယိန်းခေါနှင့် ဝန်ထမ်းများ၊ သင်တန်းသား(၄)ဦးတို့က နောင်ချိန်းကျေးရွာဒေသခံ ပြည်သူများမှမွေးမြူထားသော ခွေး(၄၁)ကောင်နှင့် ကြောင်(၉)ကောင်တို့ကို ခွေးရူး ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခဲ့ပြီး "ခွေးရူးရောဂါကာကွယ်တားဆီးရေး" အသိပညာပေးလက်ကမ်း စာစောင် များကို လည်းဖြန့်ဝေပေးခဲ့သည်။
ယခုလို ခွေးရူးရောဂါကာကွယ်ဆေးကွင်းဆင်းဆေးထိုးနှံပေးရတဲ့ ရည်ရွယ်ချက်ကတော့ "ခွေးရူးရောဂါကင်းစင် မြန်မာပြည်တစ်ခွင် ၂၀၃၀"ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ခွေးရူးရောဂါကင်းစင် ပပျောက်သွားဖို့ရာ ရည်မှန်းပြီး ထိုးနှံပေးရခြင်းနှင့် ခွေးရူးရောဂါဟာတိရစ္ဆာန်ကနေ လူကိုအဓိက ကူးစက် နိုင်တဲ့အဓိကရောဂါဖြစ်ပြီး လူ၏ အသက်အန္တရာယ်ကို ပါဆုံးရှုံးနိူင်စေတဲ့အတွက် ယခုလိုကျေးရွာအထိ ခွေးရူးရောဂါကာကွယ်ဆေးကို အခမဲ့ ကွင်းဆင်းထိုးနှံ ပေးခြင်းဖြစ်ကြောင်းနှင့် ကျန်ရှိသောကျေးရွာများကိုလည်း ဆက်လက်၍ ကွင်းဆင်းထိုးနှံ သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဒေါက်တာအက်စ်ယိန်းခေါက ပြောကြားသည်။
ခိုင်သက်မွန်