စဉ့်ကိုင် ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စဉ့်ကိုင်မြို့နယ်အတွင်းရှိ လူသုံးကုန်နှင့် စားသောက်ကုန်များ ရောင်းချသည့် အရောင်းဆိုင်များအား ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားတံဆိပ်များ ပြည်စုံစွာပါဝင်မှုရှိစေရေးအတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးနှင့် အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ယနေ့နေ့လယ် ၁၁ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် လူသုံးကုန်နှင့် စားသောက်ကုန်များ ရောင်းချသည့် အရောင်းဆိုင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေး အခန်း ၁၈ ပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁ ပါ အချက်အလက်များမှ ပုဒ်မ (ခ) ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ (ဆ) ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးသို့မဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များမှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)