မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Yellow Campaign အဖြစ် Mask နှင့် Faceshield များအခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျန်းမာရေးအသိပညာပေးခြင်းများ ပူးပေါင်းဆောင်ရွက်

မင်္ဂလာတောင်ညွန့်          ဇန်နဝါရီ       ၂၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကြိုတင်ကာကွယ်နိုင် ရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ Yellow Campaign ကို ယမန်နေ့ နံနက် ၈ နာရီအချိန်ကစတင်ကာ သိမ်ဖြူစျေးအတွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သိမ်ဖြူစျေးအတွင်း စျေးရောင်းချသူများနှင့် စျေးလာဝယ်သူပြည်သူများအား    နေအိမ်ပြင်ပ ထွက်ခွာ ချိန်တိုင်းတွင် Mask ကိုစနစ်တကျ တပ်ဆင်ရန်၊ လူထူထပ်သည့်နေရာများသို့ မဖြစ်မနေ သွားလာရာ၌ ခပ်ခွာခွာသွားလာရန်၊ အရာဝတ္တုများကိုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် ရေ အသုံးပြု၍ ဆေးကြောခြင်းနှင့် Hand Gel များ အသုံးပြု၍ ပိုးမွှားများ ကင်းစင်ရေး ဆေးကြောသန့်စင်ရန် တို့ကို လက်ကိုင် အသံချဲ့စက်များဖြင့် အသိပေး ကြေညာခြင်းနှင့် မျက်နှာ၊ နှာခေါင်းစည်း Mask များ၊ Face shield များနှင့် အသိပညာပေးလက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါလုပ်ငန်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်() ဒေါ်တင်တင်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိသူ (၁၉၆၀) ဦးရှိခဲ့ပြီး ၎င်းရောဂါဖြင့် သေဆုံးသူဦးရေ (၇၄) ဦးရှိနေကြောင်းလည်း မြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)