ညောင်ဦး ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများနှင့် ကင်မွန်းခြုံကျေးရွာများသည် ကြက်တူရွေးပဲသီး စိုက်ပျိုးခြင်းအား ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးကြရာ အပင်ဖြစ်ထွန်းကောင်းမွန်ပြီး အပွင့်ပွင့်နှုန်း၊ အသီးသီးနှုန်း ကောင်းမွန်ခြင်းကြောင့် ကြက်တူရွေးပဲသီးတောင့်များ ဆွတ်ခူးရောင်းချချိန် တစ်ပိသာ ၅၀၀၀ ကျပ် ရောင်းချနေရကြောင်း ကြက်တူရွေးပဲစိုက်တောင်သူ ဦးမျိုးလွင်ထံက သိရသည်။
ကြက်တူရွေးပဲ စတင်စိုက်ပျိုခြင်းအား ကဆုန်၊ နယုန်လတို့တွင် စတင်စိုက်ပျိုးခဲ့ပြီး အစေ့တိုက်ရိုက်မြေချစနစ်ဖြင့် စိုက်ပျိုးပြီး တစ်စေ့နှင့်တစ်စေ့ တစ်ပေအကွာ စိုက်ပျိုးကြကြောင်း၊ သုံးရက်ဖြင့် အပင်ပေါက်ကာ၊ အပင်ပေါက်ပြီး တစ်လခန့်ကြာလျှင် အဖူးအပွင့် စတင်ဖူးပွင့်ပြီး အသီးသီးကြောင်းသိရသည်။
ကြက်တူရွေးပဲသည် ရေကြိုက်ခြင်းရှိကာ မြေအောက်ရေအသုံးပြုစိုက်ပျိုးကြကြောင်း၊ ကြက်တူရွေးပဲသီးများအား နှစ်ရက်တစ်ကြိမ် ဆွတ်ခူးရောင်းချရပြီး ခူးမည့်ရက်လွန်သွားလျှင် အသီးတောင့်များလျှော်ကာ အခြောက်ထားပြီး မျိုးစေ့အဖြစ်ပြန်လည်ရရှိရန် ပဲသီးတောင့်များ အခြောက်ထားကာ အစေ့အား နေတစ်ကြိမ်နှစ်ကြိမ်လှန်းကာ ခြောက်သွေ့သည့်နေရာတွင် သိမ်းဆည်းထားပြီး မျိုးအဖြစ်ပြန်ထားကြောင်း ကြက်တူရွေးပဲစိုက်ပျိုးတောင်သူများက ရှင်းပြသည်။
ကြက်တူရွေးပဲသီးများ စတင်ပေါ်ချိန်ကတည်းက တစ်ပိဿာ ၅၀၀၀ ကျပ် ရောင်းချခဲ့ရပြီး၊ ကြက်တူရွေးပဲလှိုင်လှိုင်ပေါ်ချိန် တစ်ပိဿာ ၅၀၀၀ ကျပ်ရောင်းချနေရခြင်းကြောင့် စိုက်ပျိုးတောင်သူများ တွက်ခြေကိုက်နေကြကြောင်း သိရသည်။
ဒီပါလင်း