နောင်မွန်မြို့နယ်၌ အသက်မွေး၀မ်းကျောင်းအထောက်အကူပြု အခြေခံသံချည်သံကွေး သင်တန်းဖွင့်

ပူတာအို ဇန်နဝါရီ ၂၄

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ကချင်ပြည်နယ် ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံ တော်မှထောက်ပံ့ရန်ပုံ ငွေဖြင့် အသက်မွေး၀မ်းကျောင်းအထောက်အကူပြု အခြေခံသံချည် သံကွေးသင်တန်းကို ယခုလအတွင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခြံ၀င်းအတွင်း၌  ကျန်းမာရေးနှင့် အားကစား ၀န်ကြီး ဌာနမှ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။

သင်တန်းကို နောင်မွန်မြို့နယ်အတွင်းနေထိုင်ကြသည့် ကျေးလက်နေပြည်သူများ၏လူမှုဘ၀မြင့်တင် ပေးနိုင်ရေး၊ ဆင်းရဲမှု လျော့ချရေး၊အလုပ်အကိုင် အခွင့်အလမ်းများရရှိလာအောင်ဆောင်ရွက်ပေးနိုင်ရေး အတွက် ရည်ရွယ် ဖွင့်လှစ်ရခြင်းဖြစ်ပြီး  အဆိုပါသင်တန်းသို့  နောင်မွန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆)အုပ်စု၊ကျေးရွာ (၁၅)ရွာမှ သင်တန်းသား(၁၅)ဦး တက်ရောက်လျှက်ရှိကြောင်းသိရသည်။

အဆိုပါသင်တန်းအား နောင်မွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လွင်၊ အငယ်တန်းအင်ဂျင်နီယာ-၂နှင့်သင်တန်းဆရာတစ်ဦးတို့က ဇန်နဝါရီ(၁၂)ရက်မှ (၂၈)ရက် အထိ စာတွေ့လက်တွေ့ သင်ကြားဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရသည်။

 

ဖုန်ကန်(ပူတာအို)