တွံတေးမြို့နယ်တွင် "ကိုယ်ပိုင်လား အငှားလား ကိုယ်တိုင်တည်ဆောက်ယူမှာလား" စာအုပ်ဖြင့် Youth Club စာဖတ်ဝိုင်းကျင်းပ

တွံတေး ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် "ကိုယ်ပိုင်လား အငှားလား ကိုယ်တိုင်တည်ဆောက်ယူမှာလား" စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူများနှင့် Youth Club စာဖတ်ဝိုင်းကို ယနေ့နေလယ် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက စာပေချစ်မြတ်နိုးသူများအနေဖြင့် စာဖတ်ခြင်းကို အလေ့အကျင့်ကောင်းတစ်ခုအနေဖြင့် ပြုလုပ်သင့်ကြောင်း၊ စာအုပ်စာပေများ ဖတ်ရှုခြင်းကြောင့် အမှားအမှန်အား ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် စာပေဝါသနာရှင် Youh Club အဖွဲ့ဝင် မမေမြင့်မိုရ်က" ကိုယ်ပိုင်လား အငှားလား ကိုယ်တိုင်တည်ဆောက်ယူမှာလား" စာအုပ်ထဲက စာရေးဆရာ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ရေးသားသည့် "အချိန်နဲ့ အရှိန်ကိုသုံးပါ"ခေါင်းစဉ်ထဲက နည်းပညာခေတ်မှာ အချိန်ကို အချိန်ဟာ အသိဉာဏ်ပညာဖြစ်ကြောင်း၊ အချိန်နဲ့အညီ အသိဉာဏ်ပညာကို ဖြည့်ဆည်းနိုင်မှ ခေတ်နဲ့အမီလိုက်နိုင်မှာဖြစ်ကြောင်း၊ အချိန်ကိုအသုံးပြုပုံပြုနည်းကိုလိုက်ပြီး တိုးတက်မှုကွာသွားတယ်ဆိုတာကိုတော့ အထူးဆိုဖွယ်မရှိကြောင်း မိမိဖတ်မှတ်မိသမျှ ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် အဖွဲ့ဝင် မအိမ့်မှူးဇော်က "ကိုယ်ပိုင်လား အငှားလား ကိုယ်တိုင်တည်ဆောက်ယူမှာလား" စာအုပ်ထဲက စာရေးဆရာမ ရွှေကူမေနှင်း ရေးသားသော "ကိုယ်ပိုင်တည်ဆောက်ခြင်း"ခေါင်းစဉ်ထဲက လူ့ဘဝဆိုသည်ကလည်း ဝတ္ထုရှည်ကြီးပင်ဖြစ်ပြီး အဖြစ်အပျက်၊ အထူးအဆန်း၊ အချိုးအကွေ့၊ အဖြေအလျှော့စုံလင်ကြောင်း၊ သင်ယူမှုတွေနှင့် ပြေပြစ်အောင်လုပ်ကြရမည့်ဖြစ်ကြောင်း၊ မိမိပိုင်ဆိုင်သည်က မိမိကိုယ်တိုင်သာဖြစ်ပြီး၊ မိမိအလုပ်"တရား"ဖို့ မိမိသာတတ်နိုင်ကြောင်း၊ မိမိအလုပ် မှန်ကန်ဖို့ မိမိမှာသာ တာဝန်ရှိကြောင်း၊ မိမိကိုယ်ပိုင်တည်ဆောက်သော စိတ်သာလျှင် မိမိဂုဏ်ဖြစ်ကြောင်း၊ မှန်ကန်သောစိတ်ကို တည်ဆောက်၍ရပါကြောင်း၊ မှန်ကန်သောစိတ် ဦးဆောင်မှ မှန်ကန်သောအလုပ် ဖြစ်ပါကြောင်း၊ စိတ်သည် အဓိကဟုဆိုကြောင်း စာရေးဆရာမကြီးက ရေးသားထားတာကို ဖတ်မှတ်မိတာကို ပြန်လည်မျှဝေ ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော Youth Club အဖွဲ့ဝင်များက မိမိတို့ ဖတ်မှတ်မိသမျှ စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)