မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM ) ပြုပြင်ထိန်းသိမ်းခြင်း ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် ဇူလိုင် ၁၃

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ပြုပြင်ထိန်းသိမ်းခြင်း ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ‌ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရွှေမြိုင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က MEVM စက်များအသုံးပြု၍ မဲဆန္ဒရှင်ပြည်သူများ၏ လက်တွေ့စမ်းသပ် မဲပေးဆောင်ရွက်ခြင်းမှတစ်ဆင့် ရရှိလာသည့် အကြံပြုချက်များအပေါ် ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး စနစ်ပိုင်းဆိုင်ရာသာမက လုံခြုံစိတ်ချရမှုအပိုင်း၊ မဲဆန္ဒရှင်များ၏ ယုံကြည်မှုအပိုင်း၊ ကြံ့ခိုင်မှုနှင့် အရည်အသွေးကောင်းမွန်မှုအပိုင်းများတွင်ပါ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိဝန်ထမ်းများကို ယခုသင်ကြားမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်း သင်တန်းတွင် အကျိုးရှိစွာ အသုံးချတက်စေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိ၊ ဦးဟိဏ်းလင်းထက်က မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခန်းမအတွင်းခင်းကျင်းပြသထားသော မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) စက်ပစ္စည်းကိရိယာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါမြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ပြုပြင်ထိန်းသိမ်းခြင်း ဆင့်ပွားသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၂၁) ဦးဖြင့် ဇူလိုင်လ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)