စဉ့်ကိုင် ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူရေးရာကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က အ.ထ.က (ပလိပ်)ခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် အ.ထ.က (ပလိပ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ညွှန့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနှမှ ဒုတိယဦးစီးမှူး ဦးဇော်မင်းလတ်က စားသုံးသူကာကွယ်ရေး ဥပဒေနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်အလက်များဖြစ်သည့် စားသုံသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူများက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း အကျယ်တဝံ့ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စဉ့်ကိုင်မြို့နယ်တာဝန်ခံ ဦးစိုးလွင်က စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်းဒေသကြီး၊ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC) များနှင့် Consumer Call Center ဖြစ်သည့် (1535) သို့ ဆက်သွယ်တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www doca.gov.mm သို့ ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်း အသိပညာရေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး (၄) ဦးဖြိုးဝေထွဋ်က အစားအသောက်များ စားသုံးရာတွင် သန့်ရှင်းသည့် အစားအစာများကို ဝယ်ယူစားသုံးကြရန်နှင့် အသင့်စားရန် ထုတ်လုပ်ထားသည့် အစားအစာများအား နေ့စဉ်နေ့တိုင်း စားသုံးရန် မသင့်ပါကြောင်း အကျယ်တဝံ့ ရှင်းလင်းဟောပြောခဲ့ကြောင်းနှင့် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာကြသူများအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)