သာကေတ ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် အ.မ.က (၂၆) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဦးစီးအရာရှိ ဦးဝင်းကျော်ကျော်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် မမေ့အပ်သော အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းကို အသိပညာပေးဟောပြောသည်။
ထို့နောက် ကာယ၊ ဉာဏပြိုင်ပွဲများအဖြစ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာကစားခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများကို ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အ.မ.က (၂၆) တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဟောပြောပွဲနှင့် ပြိုင်ပွဲများအပြီးတွင် အာဇာနည်ခေါင်းကြီး (၉) ဦး၏ အတ္ထုပ္ပတိများပါဝင်သည့် နံရံကပ်စာစောင် ပြသထားရှိမှုများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကျော်ကျော် (ပြန်/ဆက်)