ဟိုပုံး ဇူလိုင် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အ.ထ.က(၁)ကျောင်းသား၊ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အမှာစကားပြောကြားရာတွင် တိုင်းပြည်၏ မျိုးဆက်သစ်များဖြစ်သော ကျောင်းသူ၊ကျောင်းသားများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသအတွင်း ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (၁)နှစ်တာကာလအတွင်းမှာ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် တက်ရောက်ပညာသင်ယူခဲ့ကြပြီး ၂၀၂၆ တက္ကသိုလ်ဝင် စာမေးပွဲကို ထူးချွန်စွာအောင်မြင်ကြသည့် ဂုဏ်ထူးရှင်ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားဖြစ်ပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၂၀၂၆ တက္ကသိုလ်ဝင် တန်းစာမေးပွဲကို ဖြေဆိုသူ(၁၉၂၈)ဦး၊ အောင်မြင်သူ(၉၃၉)ဦးအောင်မြင်ခဲ့ပြီး အောင်ချက်ရာနှုန်း (၄၈.၇၀ %) ၊ (၅)ဘာသာဂုဏ်ထူးရှင် (၃) ဦးအပါအဝင် ဂုဏ်ထူးရှင် (၁၈၇)ဦး ထူးချွန်စွာအောင်မြင်ခဲ့ပါကြောင်း၊ ဟိုပုံးမြို့နယ် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ပေါင်လင်း)ကျောင်းမှ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုသူ(၈၈)ဦး၊ အောင်မြင်သူ(၆၅)ဦးအောင်မြင်ခဲ့ပြီး အောင်ချက်ရာနှုန်း (၇၃.၈၆ %)၊ (၆)ဘာသာဂုဏ်ထူးရှင် (၁) ဦးအပါအဝင် ဂုဏ်ထူးရှင် (၃၀)ဦး ထူးချွန်စွာအောင်မြင်ပြီး နိုင်ငံတော်Top (10) အဆင့် (၂) ဦး ထူးချွန်စွာအောင်မြင်ခဲ့ပါကြောင်း၊ မြို့နယ်အသီးသီးမှာ ယခုကဲ့သို့ ထူးချွန်ထက်မြတ်သည့် ကျောင်းသား/ကျောင်းသူများ ပေါ်ထွန်းလာစေရန်၊ မျိုးဆက်သစ်ကျောင်းသားများ ကျန်းမာကြံ့ခိုင်စေရန်အတွက် ပြုစုပျိုးထောင်သင်ကြားလေ့ကျင့်ပေးနေသည့် ပညာရေးမှတာဝန်ရှိသူများ၊ ဆရာ/ဆရာမများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိ ဂုဏ်ယူပါကြောင်း ပြောကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့်အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး သန်းနိုင်လွင်၊ စည်သူ ခွန်စံလွင်၊ ဝဏ္ဏကျော်ထင် ခွန်ရဲထွေးနှင့် တာဝန်ရှိသူများက ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲတွင် နိုင်ငံတော်အဆင့် Top(10) ဝင် ကျောင်းသား၊ကျောင်းသူများကိုလည်းကောင်း၊ တက္ကသိုလ်ဝင်တန်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတွင် (၅)ဘာသာဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ တက္ကသိုလ်ဝင်တန်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတွင် (၄)ဘာသာဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများကိုလည်း ကောင်း၊ တက္ကသိုလ်ဝင်တန်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတွင် (၃)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ကျောင်းသူများကိုလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက်တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အ.ထ.က(၂) ကျောင်းသား၊ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်းသိရသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆)ဘာသာ ဂုဏ်ထူးရှင်(၁)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင်(၃)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၉)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၂၈)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၅၁)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၁၂၃)ဦး၊ ရိုးရိုးအောင်မြင်သူ (၇၈၉)ဦး စုစုပေါင်း (၁၀၁၂)ဦး ဖြေဆိုအောင်မြင်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)