တံတားဦး ဇန်နဝါရီ ၂၄
ကျောက်ဆည်ခရိုင် တံတားမြို့နယ် မြေငူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ၁၃၀ပေ × ၃၀ပေ ×၂၄ပေ ရှိ စာသင်ဆောင်အား ယနေ့နံနက်(၁၀)နာရီက ပန္နက်တော်တင်မင်္ဂလာ အခမ်းအနား ကျင်းပကြောင်းသိရသည်။
အဆိုပါ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင် ၊ မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မွန် ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းလှိုင်နှင့် ဆရာ/မများ ၊ကျောင်းအကျိုးတော်ဆောင် ကော်တီဝင်များတက်ရောက်ပြီး မင်္ဂလာအချိန် နံနက်(၁၀)နာရီ အချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ် ပညာရေးမှူး ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းအောင်တို့က အဆောက်အဦး အား ပန္နက်တော် တင်ပေးကြပြီး မင်္ဂလာပန္နက်တိုင်များကို အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကြသည်။
ယနေ့ပန္နက်တော်တင်သည့် အဆောက်အဦးသည် ၁၃၀ ပေ × ၃၀ပေ ×၂၄ပေ စာသင်ဆောင်တွင် RCC နှစ်ထပ် အဆောက်အဦးဖြစ်ပြီး စာသင်ခန်း(၈)ခန်း ပါဝင်ကြောင်း အဆိုပါအဆောက်အဦးများ၏ စုစုပေါင်း ကုန်ကျငွေ တန်ဖိုးမှာ (၁၉၁.၁)ကျပ်သန်းဖြစ်ကြောင်း အဆောက်အဦးကို Bright Star Wave ကုမ္ပဏီမှ ဆောက်လုပ်သည့် နေ့မှ(၂)နှစ်အတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။
အဆိုပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/မ(၃၃)ဦးရှိပြီး ကျောင်းသား/သူ (၈၅၀)ဦး ရှိကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှသိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)