ကော့မှူးမြို့နယ် အ.မ.က (တာလမ်းသစ်) ကျောင်း၌ စာဖတ်ရှိန်မြင့်မားရေးအသိပညာပေး ဟောပြောပွဲကျင်းပ

ကော့မှူး ဇူလိုင် ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်း ဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် တာလမ်းသစ်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း အ.မ.က (တာလမ်းသစ်)ကျောင်း၌ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အ.မ.က တာလမ်းသစ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွှန့်ညွှန့်ဝေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံ‌စေရန် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းသား/ကျောင်းသူတွေဟာ အနာဂတ်နိုင်ငံတော်ရဲ့ ပဲ့ကိုင်ရှင်တွေဖြစ်တာကြောင့် အသိပညာအတတ်ပညာတင်မကဘဲ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ်မျိုးတွေလိုအပ်ပါကြောင်း၊ အလိမ္မာစာမှာရှိ၊ စာအုပ်စာ‌ပေလူမိတ်ဆွေဆိုသည်အတိုင်း စာအုပ်စာပေများချစ်မြတ်နိုးပြီး ကျောင်းစာအပြင် ပြင်ပစာပေများ ဖတ်ရှုလိုခြင်းများ ဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာကြည့်တိုက်သို့ လာရောက်၍ ငယ်ရွယ်စဉ်ကပင်စာအုပ်စာပေများ လေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေနှင့်ပတ်သက်သော အကြောင်းအရာများအား အကျယ်တဝင့်ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောသုတ/ရသ စာအုပ်စာစောင်များ၊ အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်‌ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား‌/ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာနေကြကြောင်း သိရသည်။

ကျော်သူရ