ကျောက်ဆည် ဇန်နဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နှင့် မြစ်သားမြို့ရှိ ဆေးရုံကြီးများတွင် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းကို ယနေ့နံနက်(၈)နာရီက ကျောက်ဆည်မြို့ ရွှေတောင်တန်းရိက္ခာပို့အဖွဲ့မှ ဆောင်ရွက် ခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်း များတွင် ဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းများနှင့် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးကြသူများ အား ဂုဏ်ပြုသည့် အနေဖြင့် ကျောက်ဆည်မြို့မှ မြစ်သားမြို့သို့ ဂုဏ်ပြုလမ်းလျှောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရသည်။
ရှေးဦးစွာ ဂုဏ်ပြုလမ်းလျှောက်အဖွဲ့သည့် ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ အလှူငွေကျပ်(၁)သိန်းငါးသောင်း၊ ဟန်းဂျယ်(၅)ဗူးနှင့် နှာခေါင်းစည်း(၅)ဗူး လှူဒါန်းခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့်ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူ များအား ဂုဏ်ပြုသည့်အနေဖြင့် ကျောက်ဆည်မြို့မှ (၁၈)ခန့်ကွာဝေးသည့် မြစ်သားမြို့ ပြည်သူ့ ဆေးရုံကြီးသို့ ရန်ကုန်-မန္တလေးကားလမ်းမကြီးအတိုင်း လမ်းလျှောက်ခဲ့ကာ မြစ်သားမြို့ ပြည်သူ့ဆေးရုံကြီးသို့ အလှူငွေကျပ် (၂)သိန်း၊ ဟန်းဂျယ်(၅)ဗူးနှင့် နှာခေါင်းစည်း(၅)ဗူး လှူဒါန်းခဲ့ကြောင်း လမ်းလျှောက်ရာတွင် ပါဝင်ခဲ့သည့် ဦးစိုးမင်းက ပြောပြသည်။
ထိုသို့ လမ်းလျှောက်ဂုဏ်ပြုခြင်းများဆောင်ရွက်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)