ရွှေပြည်သာမြို့နယ်၌ ရခိုင်ရိုးရာ ဆီးမီးခွက်အက၊ ရခိုင်ဗျာလအက၊ ရခိုင်စည်တီးသင်တန်းများ ဖွင့်လှစ်

ရွှေပြည်သာ ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဖွင့်လှစ်သော ရခိုင်ရိုးရာဆီးမီးခွက်အက၊ ရခိုင်ဗျာလအက၊ ရခိုင်စည်တီးသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်(၁၂)ရက်နေ့ မွန်းလွဲ(၁)နာရီက ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီရုံးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရခိုင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးနေမင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ မပျောက်ကွယ်စေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်‌ကြောင်းနှင့် မျိုးဆက်သစ် လူငယ်များက ဆက်လက် ထိန်းသိမ်းသွားကြရမည်ဖြစ်‌ကြောင်းပြောကြားပြီး၊ တိုင်းဒေသကြီးလွှတ်‌‌တော် ကိုယ်စားလှယ် ဦးသိန်းနိုင်က နုတ်ခွန်းဆက်စကား‌ ပြောကြားကာ တိုင်ရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်ဝင်းမှ သင်တန်းများဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ရခိုင်ရိုးရာအကများဖြင့် ဧည်ခံဖျော်ဖြေခဲ့ပြီး ရခိုင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးမှ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)