ဒဂုံဆိပ်ကမ်း ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အမှတ် (၂၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ အသက်အန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရမှုလျှော့ချရန်၊ ယာဉ်တိုက်မှု နှင့် ဆုံးရှုံးမှုများ ကာကွယ်ရန်၊ လမ်းအသုံးပြုစုအားလုံး ဘေးကင်းစေရန်နှင့် စနစ်တကျရှိသော လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ် ၆၉ ရပ်ကွက်ရှိ ပညာနန္ဒဓမ္မာရုံနှင့် အမှတ် ၆၈ ရပ်ကွက်ရှိ ကုလသဝါယမဓမ္မာရုံတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ် (၂၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး အောင်အောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ယာဉ်အန္တရာယ်ကင်းဝေးစေရန် ယာဉ်မောင်းများ လိုက်နာရမည့် စည်းကမ်းချက်များ၊ လမ်းလျှောက်သူများ လိုက်နာရမည့် စည်းကမ်းများ၊ မီးပွိုင့်နှင့် လမ်းညွှန်အမှတ်အသားများ၊ ဘေးတွဲဆိုင်ကယ်များအနေဖြင့် အဓိက လိုက်နာရမည့် ယာဉ်စည်းကမ်းများနှင့် ဘေးတွဲဆိုင်ကယ်များ တက်ရောက်မောင်းနှင်ခွင့်မရှိသည့် အဓိက မိန်းလမ်းမကြီးများအား သိရှိနိုင်စေရန် အသိပညာပေးဟောပြောခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)