တံတားမြို့၊ ဝိဇ္ဇာဓမ္မသာသနာ့ဗိမာန်တော်၌ “မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ

တံတား ဇူလိုင်  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသော တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်ကွက်‌နေပြည်သူများနှင့်ပူးပေါင်း၍  ပြည်သူ့ စကားဝိုင်း (Public Talk) အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက တံတားမြို့၊  ဝိဇ္ဇာဓမ္မသာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမင်းမိုးနှင့် ဦးမျိုးမြင့်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးရန် အောင်မျိုးထက်က ပြည်သူ့စကားဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်မိုးဖြူလွင်က ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ် ချက်များအား ရှင်းလင်း‌ပြောကြားခဲ့သည်။

ဆက်လက်၍ “မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမင်းမိုးမှ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ တံတားမြို့နယ်မြေရဲစခန်းမှ ရဲအုပ်ကျော်စိုးအောင်က မှုခင်းကျဆင်း‌ရေး အသိပညာပေး အကြောင်းအရာများကိုလည်း‌ကောင်း၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးဇွဲမာန်ဟိန်းက မြို့သန့်ရှင်းသာယာလှပ‌ရေးအတွက် မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ စိုက်ပျိုး‌ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းထွန်းက စပါးအထွက်နှုန်းတိုးတက်ဖို့ မျိုးကောင်းမျိုးသန့်စိုက်ပျိုးရန် အကြောင်းအရာများကို လည်းကောင်း၊ မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူးဦးတင်နိုင်စိုးက လယ်ယာမြေဥပဒေ အကြောင်း အရာများကိုလည်း‌ကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသောပြည်သူများက သိရှိလိုသည်များအားမေးမြန်းဆွေးနွေးရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမင်းမိုး၊ ကျောက်တန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဖြေကြား‌ပေးခဲ့ သည်။

အဆိုပါ ပြည်သူ့စကားဝိုင်း (Public Talk)အခမ်းအနားကို အစိုးရနှင့်ပြည်သူအကြားဆွေးနွေးတိုင်ပင်ရမည့်အကြောင်းကိစ္စများကို ဆွေး‌နွေးပြောကြားနိုင်သည့် အခွင့်အလမ်းများ ရရှိစေရန်၊ မိမိတို့ဒေသအတွင်း ဖြစ်ပေါ်နေသည့် လိုအပ်ချက်များအား အစိုးရနှင့်ပြည်သူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ ပြည်သူများ စုစုပေါင်း အင်အား (၂၀၀) ဦးခန့် တက်ရောက်ခဲ့‌ပြီး အဆိုပါတက်ရောက်လာသူများက ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ခင်းကျင်းပြသထား‌သော သုတ၊ ရသစာအုပ်၊ စာစောင်များနှင့် အသိပညာပေး နံရံကပ်စာ‌စောင်များအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)