မိုင်းယောင်း ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် စိုက်ပျိုးလျက်ရှိသော နွေစပါးသီးနှံများ စိုက်နည်းစနစ် မှန်ကန်စေရေး၊ ပျိုးပင်၊ စိုက်ပင်များ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ကွင်းဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက စိုက်ပျိုးနည်းစနစ်များ မှန်ကန် စေရေးနှင့် စနစ်တကျဖြစ်စေရေး၊ နွေစပါးအထွက်တိုးရေးအတွက် တောင်သူများအား နားလည် သဘောပေါက်အောင် ရှင်းလင်းဆွေးနွေးပြီး နွေစပါး အထွက်တိုးစေရန် ကြိုးတန်းစနစ်ဖြင့် စံပြကွက် စိုက်ပျိုးနေမှုနှင့် ရေရရှိမှုအခြေအနေများအား ကြည့်ရှုခဲ့သည်။
“နွေစပါးအထွက်နှုန်း မြင့်မားရေးအတွက် စိုက်နည်းစနစ်မှန်ကန်ရန် အရေးကြီးပါတယ်။ ဒါ့အပြင် မိုးလွတ်လေလွတ် ရိတ်သိမ်းနိုင်ရေး၊ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးအတွက် စပါးအပင်ပေါက်များ သန်စွမ်းရေး၊ ကြီးထွားဖွံ့ဖြိုးရေး၊ အပင်ပွားထွက်မှုမြန်၍ အပင်ပွား များများထွက်ရေးအတွက် စိုက်ပျိုး မည့်မျိုးနှင့် စိုက်ချိန်တို့ကို ကြိုတင်ချိန်ဆစိုက်ပျိုးရန်လည်း လိုအပ်ပါတယ်” ဟု စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက ပြောသည်။
စိုင်းအောင်ဇော်လင်း