ဖားကန့်မြို့စည်ပင်သာယာဈေးအတွင်း ကိုဗစ်-၁၉ ပိုးတွေ့သူများလာသည့်အတွက် ဈေးဧရိယာ တစ်ခုလုံးအားခေတ္တပိတ်ထားသော်လည်း ဒေသတွင်းကုန်စည်စီးဆင်းမှု မပြတ်လပ်ရအောင် စီစဉ်ထား

ဖားကန့် ဇန်နဝါရီ ၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့၏ မော်ဝမ်းရပ်ကွက် စည်ပင်သာယာဈေးကြီးအတွင်း ဇန်နဝါရီ ၁၉ ရက်နေ့မှ ကိုဗစ်-၁၉ ပိုးတွေ့သူ(၁၆)ဦးထိ တွေ့လာရသဖြင့် ဈေးကြီးနှင့် ဈေးဧရိယာတစ်ခုလုံးအား ဇန်နဝါရီ (၂၁)ရက်နေ့ ညနေပိုင်းမှ စတင်ပြီး အသွားအလာကန့်သတ်နယ်မြေအဖြစ် အနည်းဆုံး(၇)ရက် ပိတ်ထားလိုက်သော်လည်း ဒေသတွင်း ကုန်စည်စီးဆင်းမှုကို မထိခိုက်အောင် စီစဉ်ထားကြောင်း သိရသည်။

 "စည်ပင်ဈေးပိတ်လိုက်ခြင်းအားဖြင့် ဖားကန့်မြို့ရဲ့ကုန်စည်စီးဆင်းမှုကို အများကြီး မထိခိုက်ပါဘူး၊ ဖားကန့်မြို့မှာက အိမ်ဆိုင်တွေအတော်များများက ကုန်ခြောက်ရောင်းကြတယ်၊ လိုအပ်တဲ့သားငါးဆိုင်တွေကိုတော့ ဈေးကပ်လျက်က လွတ်လပ်ရေးကျောက်တိုင်ကွင်းမှာ နေရာချထားပါတယ်"ဟု မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးကျော်လင်းက ဆိုသည်။

"အဲ့ဒီနေ့က အုပ်ချုပ်ရေးရယ်၊ စည်ပင်ရယ်၊ ကျ‌တော်တို့ကျန်းမာရေးဌာနရယ် ပါဝင်တဲ့ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးကျင်းပပါတယ်၊ အစည်းအဝေးဆုံးဖြတ်ချက်အရ စည်ပင်ဈေးပိတ်ဖို့ ဖြစ်လာတာပေါ့၊ ပိတ်ထားမှာက ကိုဗစ်ပိုးထပ်မံတွေ့ရှိရတဲ့အပေါ်မူတည်မှာပါ၊ အနည်းဆုံးတစ်ပတ်ပေါ့" ဟု မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မင်းလွင်ကပြောသည်။

အသွားအလာကန့်သတ်ထားသည့် ဈေးဧရိယာအတွင်း ကုန်အတင်အချပြုလုပ်သည့် ယာယီ ကားလေးကွင်းလည်း ပါဝင်ကြောင်း သိရသည်။

ဖားကန့်မြိုနယ်၌ ဇန်နဝါရီ(၂၂)ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူပေါင်း (၄၈၀)ဦး၊ သေဆုံးသူတစ်ဦးနှင့် ဆေးကုသမှုခံယူနေသူ(၅၄)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တာလင်းမောင်(ပြန်/ဆက်)