ကျောက်ဆည် ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်ခရိုင် ဝါသီးနှံသုတေသနှင့်နည်း ပညာဖွံ့ဖြိုးရေးခြံ(လွန်ကျော်) ၌ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု အထွက်နှုန်းကောင်းမွန်ရေး၊ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းရေးနှင့် မျိုးကောင်းမျိုးသန့် မျိုးစေ့အဆင့်ဆင့် စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ပြီး ယမန်နေ့နံနက်ပိုင်းက ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
သင်တန်း၌ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး ဦးဝင်းထိန်က ယခုအခါ ဝါသီးနှံသည် နိုင်ငံတော်၏မူဝါဒအရ အရေးကြီးသောသီးနှံဖြစ်ကြောင်း၊ တစ်ဧကပန်းတိုင်အထွက်နှုန်း ပိဿာ ၇၀၀ ရရှိရေး ပိုမိုသုံးစွဲရမည့် သွင်းအားစုများနှင့် စိုက်ပျိုးနည်းစနစ်များအား စနစ်တကျ လေ့လာသင်ယူသွားရန် အရေးကြီးကြောင်း၊ လုပ်သားရှားပါးမှု ပြဿနာအား ဖြေရှင်းရန်ရည်ရွယ်၍ ဝါကောက်စက်ဖြင့်ရိတ်သိမ်းနိုင်မည့် တစ်ပြိုင်တည်းဝါကောက်သိမ်းနိုင်မည့်နည်းစနစ်များ သရုပ်ပြစိုက်ခင်းအား သင်တန်းသားများအနေဖြင့် လက်တွေ့ကွင်းဆင်းလေ့လာနိုင်မည်ဖြစ်ပြီး သင်တန်းမှရရှိသော စာတွေ့လက်တွေ့ ဗဟုသုတများအား တောင်သူများ၏ ဝါအထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် အထောက်အကူပြုနိုင်ရေး နည်းပညာပေးခြင်းများ ဆက်လက်ဆောင်ရွက် သွားရန်မှာကြားသည်။
အဆိုပါသင်တန်း၌ ဝါသီးနှံနှင့်ပက်သက်၍ ပန်းတိုင်အထွက်နှုန်း ၇၀၀ ပိဿာရရှိရေး စိုက်ပျိုးနည်းစနစ် များ၊ အရည်အသွေးကောင်း ဝါမျိုးစေ့ထုတ်လုပ်ပုံအဆင့်ဆင့်၊ ပိုးမွှားနှင့်ကာကွယ်နှိမ်နှင်းနည်းများ၊ ဝါအပင်အတွက် အရေးကြီးသောအာဟာရဓာတ်များနှင့် တစ်ပြိုင်နက်တည်း ဝါကောက်သိမ်းနိုင်မည့် နည်းစနည်းများ၊ ဝါသီးနှံဆိုင်ရာ သုတေသနစမ်းသပ်ချက်ရလဒ်များစသည်တို့အား စာတွေ့ဆွေးနွေး ပို့ချခဲ့ပြီး၊ ဝါစိုက်ခင်းများ၌ ဝါသီးနှံမျိုးကွဲနုတ်ပယ်ခြင်း၊ ပိုးမွှားမှတ်တမ်းကောက်ယူခြင်း၊ ဝါအထွက်နှုန်း ခန့်မှန်းတိုင်းတာခြင်း ၊ မျိုးကူးစပ်ခြင်းများနှင့် သီးလုံးဖောက်ပိုးဒဏ်ခံနိုင်ရည်ရှိသောမျိုးရိုးဗီဇ Btgene ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်းတို့အား လက်တွေ့သင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်နေပြည်တော်အတွင်းရှိ မြို့နယ်များမှ ဝန်ထမ်း ၃၀ တက်ရောက်ခဲ့ကြောင်း သိရှိရပြီး သင်တန်းအပြီးတွင် ရေးဖြေစာမေးပွဲကျင်းပခဲ့ကာ ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။
သက်မောင်(ကျောက်ဆည်)