ပျဉ်းမနား ဇန်နဝါရီ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်သည့် ပြူတွင်းကျေးရွာမြစိမ်းရောင် စီမံကိန်း ပဉ္စမအကြိမ်အရင်းအတိုး ထုတ်ချေးခြင်းကို ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ မြို့နယ်ဦးစီးမှုး ဦးဝင်းဇော်နှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက ပြူတွင်းကျေးရွာ ဓမ္မာရုံတွင် ပြန်လည်ထုတ်ချေးပေးသည်။
ပြူတွင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုပဉ္စမအကြိမ် အရင်းအတိုး ပြန်လည်ထုတ်ချေးရာတွင် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ(၄၉)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၇၀)ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ (၃၆) ဦးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ(၂၃)ဦး၊ စုစုပေါင်း အသင်းသား(၁၇၈)ဦးတို့အား ငွေကျပ်(၄၃၀)သိန်းကို ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ငါးဆယ်ပြားဖြင့် ထုတ်ချေးပေးကြောင်း သိရသည်။
ထိုသို့ထုတ်ချေးရာတွင် ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးရွာကော်မတီဝင်များက မြစိမ်းရောင်စီမံကိန်းထုတ်ချေးမည့် အသင်းသားများကို အသံချဲ့စက်ဖြင့် အလှည့်ကျခေါ်ယူ၍ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်မှုများအနေဖြင့် လက်ဆေးခြင်း၊ နှာခေါင်းစည်းများတပ်ကာ စနစ်တကျ တန်းစီစေပြီး ကျေးရွာ ကော်မတီဝင်များနှင့် ငွေလက်ခံသူများ အနေဖြင့် လက်အိပ်နှင့် နှာခေါင်းစည်းများတပ်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင် ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ထုတ်ချေးပေးကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)