နေပြည်တော်ကောင်စီဝင် ဦးမင်းဦး နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အသင်းသားစုံညီ အခမ်းအနားတက်ရောက်

နေပြည်တော် ဇူလိုင် ၁၂

နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အသင်းသားစုံညီအခမ်းအနား (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်ရှိ သုခစိုးဟိုတယ်၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာပြည့်ဖြိုး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးဝင်းဦး၊ စားသုံးသူရေးရာဦးစီးဌာန ညွန်ကြားရေးမှူး ဦးထွန်းထွန်း၊ နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များအသင်း နာယက ဦးသန်းစိုးနှင့် ဥက္ကဋ္ဌ ဦးမိုးကျော်၊ နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များနှင့် အသင်းဝင်များ တက်ရောက်ကြသည်။

ဦးစွာနေပြည်တော်ကောင်စီဝင်က သောက်ရေသန့် လုပ်ငန်းသည် “ကုသိုလ်လည်းရ ဝမ်းလည်းဝ” ဟူသော စကားပုံအတိုင်း ကုသိုလ်ရသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ အစားအသောက်လုပ်ငန်းဖြစ်သည့်လျောက် ကျန်းမာသန့်ရှင်းမှုသည် လုပ်ငန်းတိုင်း အတိအကျလိုက်နာရမည့် အဓိကအချက်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့မှ အမှတ်တံဆိပ်ပါဘူးသွင်းသောက်ရေသန့်အား ထိန်းချုပ်အစားအသောက်ဖြင့် သတ်မှတ်ထားသည်ကိုလည်း အများသိရှိပြီးဖြစ်ပါကြောင်း၊ ကျန်းမာသန့်ရှင်း၍ အရည်အသွေးပြည့်ဝသော ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကို ဦးစားပေး ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ကျသော အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလုပ်ငန်းများသည် အလွန်ရေးပါသော အခန်းကဏ္ဍများဖြစ်ပါ‌ကြောင်း၊ ကျန်းမာရေးကို အခြေခံသည် အစားအသောက်ထုတ်လုပ်ခြင်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်၏ လူစွမ်းအားအရင်းအမြစ်များ ကျန်းမာဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ ရေသန့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်ရေး အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများ၊ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် အလွန်အရေးကြီးပါကြောင်း၊ ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သောက်သုံးရေသည် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်တာကြောင့် ဒေသအတွင်း ကျန်းမာသန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် မိမိတို့ရေသန့်စက်ရုံလုပ်ငန်းများအနေဖြင့် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် အလွန်အရေးပါကြောင်း၊ အသင်းသားအချင်းချင်း ရိုင်းပင်းကူညီပြီး တစ်ဦး၏အကျိုးစီးပွားကို တစ်ဦးကမထိခိုက်စေဘဲ ပူးပေါင်းဆောင်ရွက်သွားရန်နှင့် စံချိန်စံညွှန်းများနှင့်ကိုက်ညီသော ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကို အကြံပေးတိုက်တွန်း လိုပါကြောင်းပြောကြားသည်။

ယင်းနောက် နေပြည်တော်သောက်ရေသန့်အသင်းနာယက ဦးသန်းစိုးက နှုတ်ခွန်းဆက်စကားပြောကြားပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက သောက်ရေသန့်ထုတ်လုပ်ရာတွင် လိုက်နာရမည့်စည်းကမ်းများားအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နေပြည်တော်သောက်ရေသန့်များအသင်းဥက္ကဋ္ဌ ဦးမိုးကျော်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)