သန်လျင်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာကြီးအောင်သင်း၏ “လူငယ်ရဲ့ဘဝနှင့်တန်ဖိုး” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဇူလိုင် ၁၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်း Book Club အဖွဲ့တို့ပူးပေါင်းကျင်းပသော စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်( ၁၀ )နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအေးဝင်း(ဝင်းသီဟ-သန်လျင်)ကကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားပြီး စာရေးဆရာ အောင်သင်း၏ “လူငယ်ရဲ့ဘဝနှင့်တန်ဖိုး” ခေါင်းစဉ်ဖြင့် စာရေးဆရာမ ပျိုပျိုယောဂ၊ စာရေးဆရာ သန်းလှိုင်(သန်လျင်)၊စာရေးဆရာ သမိုင်းမြို့မဘုန်းတေဇ၊ စာရေးဆရာပီသတို့က ဖတ်ကြားဆွေးနွေးကာ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက ဝိုင်းဝန်းဆွေးနွေးကြခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ စာရေးဆရာ မက်မန်းသီးက သုတရသ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက လက်ခံရယူခဲ့သည်။

ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို မြို့နယ်စာရေးဆရာအသင်း၊ စာပေချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)